ပြိုင်ဘက်မရှိ ရွေးကောက်ပွဲ နိုင်မည်ဟု ကြံ့ဖွံ့ ယုံကြည်နေ

ပြိုင်ဘက်မရှိ ရွေးကောက်ပွဲ နိုင်မည်ဟု ကြံ့ဖွံ့ ယုံကြည်နေ

ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရလိမ့်မည်ဟု ယုံကြည်နေကြောင်းနှင့် ၁၉၉ဝ ရွေးကောက်ပွဲတွင် မဲရုံမှူးများ ညစ်ပတ်....

ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရလိမ့်မည်ဟု ယုံကြည်နေကြောင်းနှင့် ၁၉၉ဝ ရွေးကောက်ပွဲတွင် မဲရုံမှူးများ ညစ်ပတ်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိသွားခြင်းဖြစ်သည်ဟု စွပ်စွဲထားသော မဇ္ဈိမက မိတ္တူလက်ခံရရှိထားသည့် ပါတီမူဝါဒဆိုင်ရာ လမ်းညွှန်ချက်အရ သိရသည်။

”အဓိကယှဉ်ပြိုင်နိုင်သည့် ပါတီကြီး မရှိတော့ခြင်း၊ ကျန်ပါတီငယ်များမှာ မိမိတို့ပါတီကို ယှဉ်ပြိုင်နိုင်ရန် အဘက်ဘက်မှ ပြည့်စုံမှုမရှိခြင်၊ ကြိုတင်ပြင်ဆင်မှုမရှိခြင်း၊ မိမိတို့ပါတီမှာ အဆင့်ဆင့် စနစ်တကျ ဖွဲ့စည်းထားပြီး အင်အားတောင့်တင်းစွာဖြင့် ပြည်သူ၏ ထောက်ခံမှုကို ရရှိထားခြင်း” တို့ကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် အနိုင်ရလိမ့်မည်ဟု ပါတီတွင်း လမ်းညွှန်ချက်တွင် သုံးသပ်ထားသည်။

အဓိက ယှဉ်ပြိုင်နိုင်သော ပါတီကြီးဆိုသည်ကို အမည်ဖော်ပြခြင်း မပြုသော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) ကို ညွှန်းဆိုသည်မှာ ထင်ရှားသည်။

”၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် မဲရုံမှူးများ၏ ဘက်လိုက်ဆောင်ရွက်မှုများကြောင့် အန်အယ်ဒီပါတီ အများစု အနိုင်ရသွားသည့် ဖြစ်စဉ်အပေါ် သင်ခန်းစာယူရမည်” ဟု ဆိုထားသည်။

လွန်ခဲ့သော ၁၇ နှစ်က ထူထောင်ထားသော ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကို ပါတီပြောင်းကာ အရပ်ဝတ်လဲ စစ်ဘက်ထိပ်တန်းအရာရှိများ ဦးဆောင်သည့် ပါတီက ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လူဆိုးလူမိုက်များကို စည်းရုံးရန်လည်း ပါရှိသည်။

”ကျေးရွာရပ်ကွက်များအတွင်း အများက ဝိုင်းပယ်ထားခြင်းခံရသည့် လူဆိုးလူမိုက် စာရင်းဝင်များကိုပါ ထိတွေ့ စည်းရုံးထားကြရမည်” ဟု ပါရှိသည်။

ပြိုင်ဘက်နိုင်ငံရေးပါတီများဘက် လူမိုက်များ ပါသွားလျှင် ကြံ့ဖွံ့ပါတီဝင်များကို အနိုင်ကျင့်မှု ပြုလုပ်လာမှာစိုး၍ လက်ဦးမှု အရယူခြင်းဟု ရှင်းလင်းထားသည်။

ပါတီစည်းရုံးရေးအတွက် သြဇာသိက္ခာရှိသူများကို ရှာဖွေဦးဆောင်စေရန်နှင့် ကိုယ်စားလှယ်လောင်းများကလည်း ငွေကြေးထောက်ပ့ံရန် ညွှန်ကြားထားသည်။ ထို့အပြင် ပါတီကို မကြိုက်နှစ်သက်သူများ တွေ့ရှိလျှင် အထက်ကို သတင်းပို့ရမည် ဖြစ်သည်။

သို့သော် ပြိုင်ဘက်ပါတီများအပေါ် ဝေဖန်တိုက်ခိုက်ခြင်း မပြုရန်နှင့် ပြုလုပ်ပါက ”ဘုံရန်သူ” ဖြစ်သွားနိုင် သည်ဟုလည်း သတိပေးထားသည်။

မဲလိမ်ညာမှု၊ ဘက်လိုက်မှုများ မဖြစ်ပေါ်အောင် ကြပ်မတ်စိစစ်ရန် မှာကြားထားပြီး ဓာတ်ပုံ၊ ဗီဒီယိုများဖြင့် မှတ်တမ်းတင်ရန်ပါ ထုတ်ပြန်ထားသည်။

ညွှန်ကြားချက်တွင် ခြင်္သေ့တံဆိပ်သုံး ပါတီအနေဖြင့် အလုပ်သမားနှင့် လယ်သမားအရေး အဓိကထား စည်းရုံးသော မူကို တွေ့ရှိရသည်။

အလုပ်သမား အခွင့်အရေးအတွက် ဥပဒေကို ပြင်ဆင်ရန်၊ လူမှုဖူလုံရေးစနစ်ကို ကောင်းမွန်အောင် လုပ်သွားရန်၊ အနိမ့်ဆုံး လစာတိုးရေးနှင့် ပြည်ပရောက် ရွှေ့ပြောင်းလုပ်သမားများအရေး ကာကွယ်သွားမည်ဟု ပါရှိသည်။

လယ်သမားများအတွက်ကိုတော့ အစိုးရက စွက်ဖက်မှုရှိသော မူဝါဒနှင့် စိုက်ပျိုးသီးနှံများ လွတ်လပ်စွာ ရောင်းခွင့် ရှိရေးကို လုပ်ဆောင်မည်ဟု ဆိုသည်။

လယ်ယာမြေကို ပုဂ္ဂလိက ပိုင်ဆိုင်မှုကို အားမပေးဘဲ ”လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့် ရှိစေရမည်” ဟူသော မူကို ဆွဲကိုင်ထားသည်။

Most read this week