မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ သွားမည်

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ သွားမည်

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ဝေ့ချွန်း Pak Ui-Chun သည် မြန်မာနိုင်ငံသို့ လေးရက်ကြာခရီးစဉ်အဖြစ် မနက်ဖြန်တွင် စတင်၍ သွားရောက်လည်ပတ်မှာ ...

ချင်းမိုင် (မဇ္ဈိမ) ။     ။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ဝေ့ချွန်း Pak Ui-Chun သည် မြန်မာနိုင်ငံသို့ လေးရက်ကြာခရီးစဉ်အဖြစ် မနက်ဖြန်တွင် စတင်၍ သွားရောက် လည်ပတ်မှာ ဖြစ်သည်။

ဟနွိုင်းတွင် ဒေသတွင်း လုံခြံုရေးဆိုင်ရာ အစည်းအဝေး တက်ရောက်နေသော မစ္စတာ ပတ်ဝေ့ချွန်း ခေါင်းဆောင်သော ကို်ယ်စားလှယ်အဖွဲ့သည် ရန်ကုန်သို့ ကြာသပတေးနေ့ နံနက်တွင် ထိုင်းလေကြောင်းလိုင်းဖြင့် ရောက်ရှိမှာဖြစ်ပြီး ခရီးစဉ်အတွင်း နေပြည်တော်သို့လည်း သွားမှာဖြစ်သည်။

နေပြည်တော် သတင်းရပ်ကွက်က မြောက်ကိုရီးယား ဝန်ကြီးသည် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံမည်ဟု အတည်ပြုပြောသည်။ အတည် မပြုနိုင်သေးသော်လည်း သီးခြားသတင်းရပ်ကွက် တခုက  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကပါ လက်ခံတွေ့ဆုံဖွယ် ရှိသည်ဟု ပြောသည်။

ခရီးစဉ်က မြန်မာနိုင်ငံနှင့် သံတမန် အဆက်သွယ် ပြန်လည် ထူထောင်ပြီး ၃ နှစ်အကြာတွင် မြောက်ကိုရီးယား နိုင်ငံမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ပထမအကြိမ် လည်ပတ်မှု ဖြစ်လာပါလိမ့်မည်။

တောင်ကိုရီးယား သမတ ချန်ဒူးဝှမ် ခေါင်းဆောင်သော ဧည့်သည်တော်များအား ရန်ကုန်မြို့ အာဇာနည် ကုန်းတွင် ဗုံးခွဲတိုက်ခိုက်မှုကို မြောက်ကိုရီးယားက လုပ်ဆောင်မှုဖြင့်  ၁၉၈၃ ခုနှစ်တွင် မြန်မာက သံတမန် အဆက်သွယ် ဖြတ်တောက်ခဲ့သည်။ ဗုံးကြောင့် တောင်ကိုရီးယား ဝန်ကြီးများ အပါအဝင် လူ ၂၁ ဦး သေဆုံးခဲ့ရသည်။ သို့သော် အနောက်နိုင်ငံများက ပိတ်ဆို့ အရေးယူခြင်းခံရသော ဘဝတူ နှစ်နိုင်ငံမှာ ၁၉၉၉  ခုနှစ်တွင် နှစ်နိုင်ငံ တိတ်တဆိတ် ဆက်သွယ်မှုများ ပြန်လည်ပြုလုပ်ပြီး မြောက်ကိုရီးယားမှာ မြန်မာစစ်တပ်အတွက် လက်နက် ရောင်းချခြင်းနှင့် နည်းပညာ အကူအညီပေးမှုများ ပေးနေသော နိုင်ငံတခုလည်း ဖြစ်လာသည်။

မြန်မာနိုင်ငံသည် နူကလီးယား လက်နက် ထုတ်လုပ်ရန် ကြိုးပမ်းနေသည်ဆိုသော သတင်းများ ထွက်ပေါ်နေပြီး မြောက်ကိုရီးယား၏ စစ်ဘက် အထောက်အပံ့များနှင့် ပတ်သက်၍ မြန်မာ့ ဒီမိုကရေစီအရေးကို ထောက်ပံ့နေသော နိုင်ငံတခုဖြစ်သည့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီရိုဒမ် ကလင်တန်က လွန်ခဲ့သည့် သီတင်းပတ်တွင်းက ဗီယက်နမ်တွင် ပြုလုပ်သော အရှေ့့တောင်အာရှ နိုင်ငံများအသင်း ဒေသဆိုင်ရာဖိုရမ် ARF အစည်းအဝေးတွင် ပြောကြားသွားသည်။

”မြောက်ကိုရီးယားကနေ နူကလီးယား စီမံကိန်းနဲ့ ပတ်သက်ပြီးရအောင် မြန်မာက အထောက်အပံ့ ရှာဖွေကောင်း ရှာဖွေနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ကျမတို့မှာ ဆက်ပြီး စိုးရိမ်နေရတယ်” ဟု ကလင်တန်က ပြောသွားခဲ့သည်။

မြောက်ကိုရီးယား ဝန်ကြီးသည် ရန်ကုန်ရှိ ရွှေတိဂုံဘုရား၊ အမျိုးသားပြတိုက်တို့ကို နေပြည်တော်သို့ ၃ဝ ရက်နေ့တွင် မသွားရောက်မှီ သွားရောက် လည်ပတ်မှာဖြစ်ကာ သြဂုတ် ၁ ရက်နေ့တွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမှာ ဖြစ်သည်။ လာအိုနှင့် အင်ဒိုနီးရှားတို့ကို ဆက်လက် သွားရောက် လည်ပတ်ပါလိမ့်မည်။

အိန္ဒိယနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော နအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၉  ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမှာ ဖြစ်သည်။

ယခုအချိန်သည် တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ၏ ဆက်ဆံရေး တင်းမာမှု မြင့်မားနေချိန်လည်း ဖြစ်သည်။ မတ်လအတွင်းက တောင်ကိုရီးယား စစ်သင်္ဘောတစင်း တော်ပီဒိုထိမှန် နစ်မြုပ်၍ လူ ၄၆ ဦး သေဆုံးခဲ့ရာ မြောက်ကိုရီးယား၏ လက်ချက်ဟု နိုင်ငံတကာ စုံစမ်း စစ်ဆေးရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Most read this week