အာဇာနည်နေ့ သတင်းအတွက် ဂျာနယ် ၁၀ ခုသာ ဖိတ်ကြားခဲ့

အာဇာနည်နေ့ သတင်းအတွက် ဂျာနယ် ၁၀ ခုသာ ဖိတ်ကြားခဲ့
by -
ဖနိဒါ
ရန်ကုန်တွင် အပတ်စဉ်ထုတ် သတင်းဂျာနယ်ပေါင်း ၁၅၀ ကျော်ရှိသည့်အနက် ယမန်နေ့က ကျင်းပသည့် ၆၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ သတင်းယူရန် ဂျာနယ် ၁ဝ ခုကိုသာ ရန်ကုန်စည်ပင်က ဖိတ်ကြား...

ရန်ကုန်တွင် အပတ်စဉ်ထုတ် သတင်းဂျာနယ်ပေါင်း ၁၅၀ ကျော်ရှိသည့်အနက် ယမန်နေ့က ကျင်းပသည့် ၆၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ သတင်းယူရန် ဂျာနယ် ၁ဝ ခုကိုသာ ရန်ကုန်စည်ပင်က ဖိတ်ကြားခဲ့ကြောင်း သိရသည်။

ပြည်မြန်မာ၊ နံနက်ခင်း၊ လျှပ်တပြက်၊ Weekly Eleven၊ ရန်ကုန်တိုင်းမ်၊ Live news၊ 7 day news စသည့် ဂျာနယ်တိုက်များ အပါအဝင် ၁၀ ခုမှ သတင်းထောက်များနှင့် နိုင်ငံခြားသတင်းထောက်များ အပါအဝင် စုစုပေါင်း ၅၀ ဦးသာ တက်ရောက်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့က အာဇာနည်ကုန်းဝင်ပြီးတော့ သတင်းယူလို့ မရဘူး။ အဲဒီတားမြစ်နယ်မြေ မရောက်ခင် နိုင်ငံရေးပါတီတွေနဲ့ အင်တာဗျူးလို့ ရပါတယ်။ အာဇာနည်ကုန်းဝင်းထဲတာ မဝင်ရတာပါ။ နိုင်ငံရေးပါတီတွေ ကုန်းထဲကို မဝင်ခင်တော့ ဓာတ်ပုံရိုက်လို့ ရတာပေါ့” ဟု ဂျာနယ်တိုက်တခုမှ အယ်ဒီတာက မဇ္ဈိမကို ပြောသည်။

ယင်းအခမ်းအနားနှင့် ပတ်သက်သည့် သတင်းများကို ပြန်လည် ဖော်ပြခွင့်ရ၊ မရကိုလည်း မသိရသေးပေ။

သို့သော် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက ယခုတပတ်ထုတ် ဂျာနယ်တခုတွင် အာဇာနည်နေ့နှင့် ပတ်သက်သည့် ဆောင်းပါးများကို တင်းကျပ်စွာ တားမြစ်သည့်အပြင် ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံများကိုလည်း မျက်နှာဖုံးတွင် ဖော်ပြခွင့် မရကြောင်း ပြည်တွင်းဝါရင့် အယ်ဒီတာတဦးက ပြောသည်။ သို့သော် တင်းကျပ်ခံရသည့် ဂျာနယ်အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

“အာဇာနည်နေ့ကို မေ့လျော့လာတယ်ဆိုတာမျိုး မရေးရဘူး။ အာဇာနည်နေ့ အကြောင်းပဲရေးလို့ ရတယ်။ ဓာတ်ပုံတွေ မျက်နှာဖုံးမှာ တင်လို့မရဘူး” ဟု သူက ပြောသည်။

အာဇာနည်နေ့ အထိန်းအမှတ်အဖြစ် ယခုလဆန်းတွင် ထုတ်ဝေရန် ရည်ရွယ်ထားသော စာမျက်နှာ ၂ဝဝ ကျော်ပါ စတိုင်သစ်မဂ္ဂဇင်း စာမူကြမ်းမှ အာဇာနည်နေ့ အထိမ်းအမှတ် ဆောင်းပါး အပါအဝင် ၈ ပုဒ်ခန့် ကို စာပေစိစစ်ရေးက ဖြုတ်လိုက်သဖြင့် စာမျက်နှာ ၁၃ဝ သာ ထုတ်ဝေနိုင် ခဲ့ကြောင်း ယင်းဂျာနယ်တိုက်မှ အယ်ဒီတာတဦးက ပြောသည်။

ယခုလဆန်းတွင် ထုတ်ဝေရန် ရည်ရွယ်ခဲ့သော်လည်း ပုံနှိပ်တိုက်အခက်ခဲကြောင့် ၁၆ ရက်နေ့မှသာ ဖြန့်နိုင်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့က အာဇာနည်နေ့ကို မမေ့မလျော့အောင် ဂုဏ်ပြုတဲ့အနေအထား ရှိတယ်။ အဲဒီအပေါ်မှာပဲ အဓိကထားပြီးတော့ ထုတ်တာ။ အဓိကတော့ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေပေါ့။ တခြားအကြောင်းတွေလည်း ပါတယ်။ အနည်းဆုံး ရ ခု၊ ၈ ခုလောက် ရှိတယ်။ အပုဒ်လိုက်ဖြုတ်လိုက်တာ” ဟု သူက မဇ္ဈိမကို ပြောသည်။

“ကျနော်ခံစားရတာက လုပ်သင့်လုပ်ထိုက်တာကို မလုပ်ရတဲ့အတွက်လည်း စိတ်ထဲမှာ မကြည်ဘူးပေါ့နော်” ဟု သူက ဆက်ပြောသည်။

ယခုလ ၁၆ ရက်နေ့ထုတ် The Voice ဂျာနယ်တွင်လည်း အာဇာနည်နေ့နှင့် စပ်လျဉ်းပြီး “နိုင်ငံရေး ပါတီများ အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ခွင့်ရ” ဆိုသည့် သတင်းအကျဉ်း တပုဒ်သာ စာမျက်နှာ ၂၃ တွင် ဖော်ပြခဲ့သည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး၌ အစည်းအဝေး ပြုလုပ်နေစဉ် ဂဠုန်ဦးစော၏ တပည့်များက လုပ်ကြံသဖြင့် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ မန်းဘခိုင်၊ မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး စသည့် အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦး ကျဆုံးခဲ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာမူ နေအိမ်တွင် အထိန်းသိမ်းခံရသဖြင့် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။