ရန်ကုန်တိုင်း ကော့မှူးမြို့နယ်၌ လေဆင်နှာမောင်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သော လေဘေး ဒုက္ခသည်များက ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပေးရန် အာဏာပိုင်များကို တင်ပြသော်လည်း ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (တယက) လက်မခံဘဲ ပယ်ချလိုက်သည်။
ဇူလိုင်လ ၈ ရက်နေ့ ညနေ ၆ နာရီခွဲတွင် တိုက်ခတ်ခဲ့သော လေဆင်နှာမောင်းကြောင့် သမင်ခြံ အပါအဝင် သရက်တော၊ တာတိုက်၊ ထန်းတပင် ရွာတို့တွင် အိမ်ခြေ ၆ဝ ကျော် ပျက်စီးခဲ့ရကာ လူ ၂၃ဝ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ လေဘေးသင့်သူအချို့မှာ နီးစပ်ရာ ဆွေမျိုးမိတ်ဆွေများ နေအိမ်တွင် နေကြရကာ မြို့နယ်အာဏာပိုင်များကလည်း ကယ်ဆယ်ရေးစခန်း ဖွင့်သင့်သည်ဟု ယူဆကြသည်။
‘’ကျနော်တို့က ကယ်ဆယ်ရေး လုပ်ချင်တာပေါ့။ အခုက ကယ်ဆယ်ရေး မလုပ်နဲ့ဆိုတော့ အိုးမဲ့အိမ်မဲ့ ဖြစ်နေသူတွေကို လာလှူကြပါလို့ ဘယ်လို ပြောရမလဲ ။ အမှန်ကိုပြောရရင်တော့ ပျက်စီးသွားတဲ့ အိမ်တွေကို ပြန်ပြင်မှာနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ သူတွေအတွက် ကယ်ဆယ်ရေးစခန်း ဖွင့်ပြီး အလှူခံသင့်တယ်’’ ဟု ကော့မှူးမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက) တာဝန်ရှိသူတဦးက ပြောသည်။
မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့က မိသားတစုလျှင် စောင်၊ သောက်ရေသန့်၊ ဆေးနှင့် အသုံးအဆောင် ပစ္စည်းအချို့ကို ပြီးခဲ့သည့် ရက်ပိုင်းတွင် ရပ်ရွာရှိ ရပ်မိရပ်ဖများမှတဆင့် ဘုန်းတော်ကြီးကျောင်းသို့ ဆင့်ခေါ်ကာ ဝေမျှမှုသာ လေဘေးဒုက္ခသည်များ ရရှိသော အကူညီ ဖြစ်သည်။
လေဆင်နှာမောင်းကြောင့် နေအိမ်ပြိုကျသွားခဲ့သော အိမ်ပိုင်ရှင်တဦးက ’’ကိုယ့်အားကိုယ်ကိုးပြီးတော့ပဲ ပြင်ရမှာပဲ’’ ဟု ပြောသည်။
ကော့မှူးမြို့နယ် သမင်ခြံကျေးရွာမှာ အပျက်စီးဆုံးဖြစ်ကာ နေအိမ် ၄ဝ ကျော် ပျက်စီးခဲ့ရာ ယင်းတို့အနက် လုံးဝပြိုကျသွားသော အိမ်များ၊ ယိုင်နဲ့ သွားသော အိမ်များ၊ အမိုးလန်သွားသော အိမ်များ ဖြစ်သွားသည်။