ပြည်တွင်းသတင်းစာစောင်များတွင် လာမည့် ရက်သတ္တပတ်မှစ၍ စစ်အစိုးရ၏ ဝါဒဖြန့်ဆောင်းပါးများ ပုံမှန်ထည့်ရန် မလိုတော့ကြောင်း ပြည်တွင်းအယ်ဒီတာများနှင့် စာပေစိစစ်ရေးက ပြောသည်။
ရွေးကောက်ပွဲအကြိုကာလ နိုင်ငံရေးပါတီများနှင့်ဆက်ဆိုင်သော သတင်း၊ ဆောင်းပါးများကို ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ စာပေစိစစ်ရေးက ပိတ်ပင်တားဆီး ဖြတ်တောက်မှု သိသိသာသာ တိုးများလာ၍ ဝေဖန်မှုများ ထွက်လာချိန်တွင် စစ်အစိုးရက တုံ့ပြန်လိုက်ခြင်းဖြစ်သည်။
သို့သော် ရံဖန်ရံခါ “ညွှန်ကြား” သည့်အခါ၌မူ မထည့်မနေရ ထည့်ပေးရမည်ဟု စာပေစိစစ်ရေးက သတိပေးထားသည်။
“သတင်းစာ နေ့တိုင်းမှာ ပေါ်လစီဆောင်းပါး ပါတယ်လေ။ တပတ် ထွက်တဲ့ ဆောင်းပါးတွေထဲက သူတို့ကြိုက်တဲ့ ဆောင်းပါးကို ထည့်ခိုင်းတာပါ။ ဒီတပတ်ထွက်တဲ့ ဂျာနယ်တွေမှာကို ပေါ်လစီ မပါတော့ ပါဘူး” ဟု အပတ်စဉ်ထုတ်ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။
မဇ္ဈိမက ဆက်သွယ်မေးမြန်းသောအခါ ရန်ကုန် ဗဟန်းမြို့နယ်ရှိ စာပေစိစစ်ရေးမှ စာစစ်မှူးတဦးက
“ဟုတ်ပါတယ်။ အမြဲတမ်း မထည့်ရတော့ပါဘူး။ ဒါပေမဲ့ တခါတလေ အထက်က ညွန်ကြားလာတာမျိုး ဆိုရင်တော့ ထည့်ပေးရမယ်” ဟု ပြောသည်။
အများအားဖြင့် အတိုက်အခံများကို ထိုးနှက်တိုက်ခိုက်သော စစ်အစိုးရအလိုကျရေးသားထားသော၊ စာပေအသိုင်းအဝိုင်းတွင် ”ပေါ်လစီဆောင်းပါး” ဟု ခေါ်ဝေါ်ကြသော၊ နာမည်ဝှက် အမျိုးမျိုးဖြင့် ရေးသားထားသော ဆောင်းပါးများကို ပုဂ္ဂလိကပိုင်ဂျာနယ် မဂ္ဂဇင်းများတွင်လည်း ပုံနှိပ်ဖော်ပြရန် ပြန်ကြားရေးဝန်ကြီးဌာနက ပေးပို့လေ့ရှိပြီး ဖော်ပြခြင်းမပြုလျှင် ပုံနှိပ်ထုတ်ဝေခွင့် လိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူမည်ဟု စာနယ်ဇင်းများကို စာပေစိစစ်ရေးက သတိပေးမှု မကြာခဏ ပြုလုပ်သည်။
စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက သတင်းများကို ယခင်က ၃ ဦးပါ အဖွဲ့ ၅ ဖွဲ့ဖြင့် စိစစ်ခဲ့ရာမှ ပြီးခဲ့သည့် လကုန်ပိုင်းမှ စ၍ ၁၂ ဦးပါ အဖွဲ့တခုတည်းဖြင့်သာ ပြောင်းလဲ စိစစ်နေသည်။
ဆင်ဆာဖြတ်တောက်မှုမှာ စာပေစိစစ်ရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေ ရာထူးကို အစားထိုးရန် ရောက်ရှိလာသော ရေတပ်မှ ပြောင်းရွှေ့လာသည့် ဒုတိယ ဗိုလ်မှူးကြီး မျိုးမြင့်မောင်က တွဲဘက် ဒုညွန်မှူးအဖြစ် တာဝန်ယူသည့် နောက်ပိုင်း ပိုမိုတင်းကျပ်လာကြောင်း ပြည်တွင်းသတင်းစာဆရာများက ပြောသည်။
စျေးကွက်အတွင်း ယနေ့ အသစ်စက်စက် ဝင်ရောက်လာသော “ပြည်သူ့ခေတ်” ဂျာနယ်၏ ပထမဆုံးစာစောင်သည် ဆင်ဆာဖြတ်တောက်မှု အများအပြား ကြံုတွေ့ လိုက်ရသည်။
“ပြည်သူ့ခေတ်က ဆင်ဆာဖြတ်တာက များတယ်။ ကျနော်က ဂျာနယ်ဝယ်ထားပြီးပြီ။ ကျနော့် အင်တာဗျူးဘဲ မဟုတ်ဘူး။ ဘယ်နိုင်ငံရေးသမားတွေရဲ့ အင်တာဗျူးတွေ တခုမှ မပါဘူး။” ဟု ရွေးကောက်ပွဲဝင်ပြိုင်ရန် ပြင်ဆင်နေသော မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီခေါင်းဆောင် ဦးနေမျိုးဝေက မဇ္စျိမကို ပြောသည်။
“ကျနော်တို့က သတင်းလွတ်လပ်ခွင့်ကိုတော့ ဦးထိပ်ပန်တယ်။ အဲဒါ ကျနော်တို့ သန္နိဋ္ဌာန်ဘဲ” ဟု သူက ဆက်ပြောသည်။