တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် DKBA မှ တပ်မဟာ ၉၉၉ ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူက ကရင် အချင်းချင်း တိုက်ခိုက်ခြင်းများ မပြုလုပ်တော့ဟု ပြောဆိုမှုသည် စစ်ရေးလှည့်ကွက်သာဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံုး KNU က တုံ့ပြန်ပြောဆိုလိုက်သည်။
ယခင်လ ၂၆ ရက်နေ့တွင် တပ်မဟာ ၉၉၉ အခြေစိုက်ရာ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်ကျေးရွာ၌ ပြုလုပ်သည့် DKBA ကျဆုံးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုသော အခမ်းအနားတွင် ဗိုလ်မှူးကြီး စောချစ်သူက “ကရင်အချင်းချင်း မတိုက်တော့ဘူး” ဟု ပြောဆိုခဲ့ခြင်းအပေါ် KNU တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက အယုံအကြည်မရှိဟု ပြောသည်။
“ ယုံတမ်းစကားတွေပါ။ ဒါတွေကစစ်ရေး အရ လှည့်ကွက်ပါ။ မကြာခင် အဲဒီကိစ္စ နောက်ဆက်တွဲ စစ်ရေးပြင်ဆင်မှုတွေ ပေါ်လာပါလိမ့်မယ်။ စောင့်ကြည့်ပါ” ဟု ကရင် အမျိုးသား အစည်းအရုံး KNU တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက မဇ္စျိမကို ပြောသည်။
ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ် ဇွန်လပိုင်းက KNU တပ်မဟာ ရ နယ်မြေကို နအဖ စစ်တပ်နှင့် DKBA ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်မှုများ မပြုလုပ်မီ ဗိုလ်မှူးကြီး စောချစ်သူက နအဖ စစ်တပ်အောက်၌ ပြည်သူ့စစ်မလုပ်လို သောကြောင့် အင်အား ၂ဝဝဝ ဖြင့် KNU သို့ လာရောက်ပူးပေါင်းလိုကြောင်း သူ၏မွေးစားဖခင်အား လွှတ်ကာ လှည့်ကွက်ဆင် အငိုက်ဖမ်းပြီး တိုက်ခိုက်ခဲ့သည့် သာဓက ရှိခဲ့ကြောင်း ဗိုလ်မှူးစောလှငွေက ပြောသည်။
ထိုသို့လှည့်ကွက်ဆင်တိုက်ခိုက်ခံရခဲ့မှုကြောင့် KNU တပ်မဟာ ရ နယ်မြေအချို့ ဆုံးရှုံးခဲ့ရပြီး ယင်းနယ်မြေရှိ ဒေသခံ ကရင် ၄ဝဝဝ ကျော် စစ်ပြေးဒုက္ခသည်အဖြစ် ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ဝင်ရောက်ခိုလှုံခဲ့ကြရသည်ဟု သူက ပြောသည်။
ယခုရက်ပိုင်းတွင် KNU နှင့် DKBA တို့ အပစ်ရပ်ဆဲရေးအတွက် အောက်ခြေတပ်များ ဆွေးနွေးနေသည်ဆိုသော ပြောဆိုမှုများသည်လည်း မမှန်ကန်ဟု သူက ပြောသည်။
“ဒီလိုဆွေးနွေးတဲ့ကိစ္စမျိုးတွေက EC (ဗဟိုအလုပ်အမှုဆောင်) က သဘောတူညီချက်ရမှ လုပ်လို့ရတာ။ ဘယ်သူမှ အသားလွတ် သွားပြီး ဆွေးနွေးပိုင်ခွင့်လည်း မရှိဘူး။ အဲဒါတွေက အမှားတွေ။ ဒီလိုမျိုး သတင်းတွေကို ဒီကေဘီအေနဲ့ နအဖ တို့က လွှင့်ပြီဆိုရင် ထိုးစစ်တခုခုကို လုပ်ဖို့ ပြင်တာက တောက်လျှောက်လိုပဲဖြစ်နေတယ်” ဟု ဗိုလ်မှူးစောလှငွေ က မဇ္စျိမကို ပြောသည်။
DKBA တွင် နယ်ခြားစောင့်တပ်အဖြစ် မပြောင်းလိုသည့် တပ်ဖွဲ့ဝင်များအနေဖြင့် KNU သို့ လာရောက်ပူးပေါင်းလိုလျင် သို့မဟုတ် KNU ထိန်းချုပ်နယ်မြေအတွင်း လာရောက်ခိုလှုံလိုလျင် ကူညီနိုင်ရန် တပ်မဟာ ရ ဘားအံခရိုင်၊ တပ်မဟာ ၆ ကော့ကရိတ်ခရိုင်နှင့် တပ်မဟာ ၁ သထုံခရိုင် တို့တွင် ကော်မတီများ ဖွဲ့ပေးထားသော်လည်း လတ်တလော မည်သည့်ဆွေးနွေးမှုမျှ မကြားသိရသေးကြောင်း KNU ဒုဥက္ကဌ ဒေးဗစ်သာကပေါ က ပြောသည်။
ထို့ပြင် ကေအန်ယူတပ်မဟာ ၆ အတွင်း လှုပ်ရှားနေပြီး နယ်ခြားစောင့်တပ် လက်မခံဟု သတင်းထွက်နေ သော DKBA တပ်မဟာ ၅ ဗျူဟာမှူး ဗိုလ်မှူးချုပ်စောလားဘွယ် (ဗိုလ်နှုတ်မွှေး) ၏ တပ်များနှင့် ယင်းဒေသ အခြေစိုက် နအဖတပ်များ ပူးပေါင်း၍ KNU တပ်မဟာ ၆ ကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု ဗိုလ်မှူးစောလှငွေက ဆိုသည်။
တိုးတက်သော ဗုဒ္ဒဘာသာ ကရင်တပ်မတော် DKBA အောက်တွင် တပ်မဟာများ ဖြစ်သည့် ၃၃၃၊ ၅၅၅၊ ၉၉၉၊ တပ်မဟာ ၅ နှင့် ဗဟိုလုံခြံုရေးတပ်ဖွဲ့တို့ရှိပြီး စုစုပေါင်း အင်အား ရဝဝဝ ခန့်ရှိကြောင်း ရွှေကုက္ကိုလ် အခြေစိုက် တပ်မဟာ ၉၉၉ လက်အောက်ခံ တပ်ရင်းမှူးတဦးထံမှ သိရသည်။
ဒီကေဘီအေ တပ်များသည် နယ်ခြားစောင့်တပ်အဖြစ် လက်ခံလိုက်ပါက အင်အား ၁ဝဝဝ အထိ လျော့ချရမည်ဖြစ် သဖြင့် DKBA အတွင်း လုပ်ပိုင်ခွင့်နှင့် ငွေကြေး ပြည့်စုံနေသည့် ထိပ်ပိုင်း ခေါင်းဆောင်များနှင့် တပ်မှူးအချို့အကြား သဘောထားကွဲလွဲမှုများရှိကြောင်း ဒီကေဘီအေ တပ်မှူး အသိုင်းအဝိုင်းမှ သိရသည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် တော်လှန်နေသော KNU မှ ခွဲထွက်ကာ ၁၉၉၄ နှစ်ကုန်ပိုင်းတွင် စစ်အစိုးရနှင့် အပစ်ရပ်ခဲ့သော DKBA သည် ယခင် KNU ထိန်းချုပ်ရာနယ်မြေအချို့ကို ထိန်းချုပ်ပိုင်ခွင့်နှင့်အတူ သစ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် အခွန်အတုတ်ကောက်ပိုင်ခွင့်တို့ ရရှိထားသည်။