ခမောက်အငြင်းပွားမှု နယ် NLD များ ပါဝင်လာ

ခမောက်အငြင်းပွားမှု နယ် NLD များ ပါဝင်လာ
by -
မြင့်မောင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များနှင့် ခွဲထွက်အုပ်စု အမျိုးသား ဒီမိုကရေစီ အင်အားစု၏ ပါတီအမှတ်အသား ခမောက်ပုံ အငြင်းပွားမှုကို နောက်ထပ် အင်အားပြင်းလာသည့် ကိစ္စမှာ အနည်းဆုံး ပြည်နယ်နှင့် တိုင်း ၈ ခုမှ NLD အဖွဲ့ဝင်များက ရွေးကော်ပွဲကာ်မရှင်ထံ ကန့်ကွက်ရန် ပြင်ဆင်...

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များနှင့် ခွဲထွက်အုပ်စု အမျိုးသား ဒီမိုကရေစီ အင်အားစု၏ ပါတီအမှတ်အသား ခမောက်ပုံ အငြင်းပွားမှုကို နောက်ထပ် အင်အားပြင်းလာသည့် ကိစ္စမှာ အနည်းဆုံး ပြည်နယ်နှင့် တိုင်း ၈ ခုမှ NLD အဖွဲ့ဝင်များက ရွေးကော်ပွဲကာ်မရှင်ထံ ကန့်ကွက်ရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။

ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ပဲခူးနှင့် ဧရာဝတီတိုင်း၊ ကချင်နှင့် ကရင်ပြည်နယ်ရှိ NLD စည်းအဖွဲ့ဝင်များနှင့် လွှတ်တော်အမတ်များက ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်စာတင်ရန် စီစဉ်နေသည်ကို မဇ္ဈိမက စုံစမ်းသိရှိရသည်။ ပါတီအမှတ်အသားဆိုင်ရာ ကန့်ကွက်မှုကို ရန်ကုန်ရှိ NLD ခေါင်းဆောင်များက ပြည်ပမီဒီယာများမှတဆင့် ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် နယ်ခေါင်းဆောင်များပါ ဆက်လက်တုံ့ပြန်လာကြခြင်း ဖြစ်သည်။

“ခမောက်ကို ယူသုံးလို့ရှိရင် NLD လို့ ပြောလိုက်သလိုပဲ ဖြစ်သွားတယ်။ ခမောက်ပါတီပါ၊ ဒေါ်အောင်ဆန်းစုကြည်ပါတီပါလို့ ပြောတဲ့ အဓိပ္ပာယ်ဆောင်တယ်။ အဲဒီလို ဆောင်တဲ့အတွက် ကျနော်တို့က လက်မခံနိုင်ပါဘူး။ အဲဒီအတွက် ရွေးကောက်ပွဲ ကော်မရှင်ဆီ ကန့်ကွက်သွားမယ်” ဟု မကွေးတိုင်း ပခုက္ကူမြို့နယ် အမှတ် (၁) မဲဆန္ဒမြေမှ လွှတ်တော်အမတ် ဦးလှိုင်အေးက မဇ္စျိမကို ပြောသည်။

“ပြည်သူတွေက ထင်ယောင်ထင်မှား ဖြစ်စေတဲ့၊ ယုန်ထင်ကြောင်ထင်ဖြစ်အောင် လုပ်နေတဲ့ သဘောဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ သဘောမကျဘူး” ဟု သူက ဆက်ပြောသည်။

NLD လွှတ်တော်အမတ်များဖြစ်သည့် ပဲခူးမြို့မှ ဦးမြတ်လှ၊ တောင်ငူမြို့မှ ဦးအောင်စိုးမြင့်နှင့် ဖားအံမှ ဒေါ်နန်းခင်ထွေးမြင့်တို့ကလည်း  ကန့်ကွက်မည်ဟု သိရသည်။

NDF ပါတီ၏ အမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုပါက ကော်မရှင်သို့ ဇူလိုင် ၆ ရက်မကျော်ခင် ကန့်ကွက်ရမည်။ လျှောက်ထားသော ပါတီအမည် အလံ၊ တံဆိပ် တို့သည် အခြားပါတီနှင့် ဆင်တူရိုးမှားဖြစ်လျှင် ကန့်ကွက်နိုင်ကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။

NDF ခေါင်းဆောင်များက ရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်ကို လိုက်နာမည်ဖြစ်ကြောင်း ကြာသပတေးနေ့က မဇ္ဈိမကို ပြောသည်။

သို့သော် အန်အယ်ဒီသည် ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတခြင်း မရှိသည့်အပေါ်  နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံမတင်ဘဲ သပိတ်မှောက် တုံ့ပြန် ထားသည်။

၁၉၉ဝ ခုနှစ် တွင် အပြတ်အသတ် အနိုင်ရသော်လည်း အာဏာလွှဲပြောင်းပေးခြင်း မခံရသော အဓိက အတိုက်အခံပါတီကြီးမှ ထိပ်တန်းခေါင်းဆောင်အချို့ကတော့ NDF ပါတီကို ထူထောင်ခဲ့ပြီး ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်လျက်ရှိသည်။

ပါတီအမှတ်အသားနှင့် ပတ်သက်ပြီး အငြင်းပွားကန့်ကွက်မှု မကြာသေးခင်က ဖြစ်ပွားခဲ့ဖူးရာ ကန့်ကွက်သူများက အနိုင်ရခဲ့သည်။

စစ်အစိုးရနှင့်နီးသော ပါတီတခုဖြစ်သည့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) က ကျောင်းသားသမဂ္ဂအလံမှ ခွပ်ဒေါင်းပုံကို အသုံးပြုရန် ကြိုးစားရာ စာရေးဆရာ၊ သတင်းစာဆရာများနှင့် အနုပညာရှင်များက ကန့်ကွက်သဖြင့် ပြန်လည်မွမ်းမံပြင်ဆင်လိုက်ရသည်။

Most read this week