စည်ပင်အလုပ်ကို ကြံ့ဖွံ့အမည်ဖြင့် လုပ်ကိုင်မည်ဟု မြို့တော်ဝန် ပြော

စည်ပင်အလုပ်ကို ကြံ့ဖွံ့အမည်ဖြင့် လုပ်ကိုင်မည်ဟု မြို့တော်ဝန် ပြော
by -
ညိမ်းသူ
ရန်ကုန်မြို့တော်ဝန်က ၎င်းပြုလုပ်နေသော လုပ်ငန်းအားလုံးကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP အမည်ဖြင့် လုပ်ကိုင်သွားမည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြောဆို...

ရန်ကုန်မြို့တော်ဝန်က ၎င်းပြုလုပ်နေသော လုပ်ငန်းအားလုံးကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP အမည်ဖြင့် လုပ်ကိုင်သွားမည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်လ နောက်ဆုံးအပတ်အတွင်း ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တွင် လမ်းများ ရေးစီးရေလာ ကောင်းမွန်ရေးအတွက် သွားရောက်စစ်ဆေးသည့် နေ့က မြို့တော် စည်ပင်အရာထမ်းများနှင့် ကြံ့ခိုင်ဖွံ့ရေး ပါတီဝင်များ ရှေ့မှောက်တွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

’’စမ်းချောင်းမှာ လမ်းတွေ လာကြည့်တယ်။ အဲဒီနေ့က သူပြောသွားတာက သူ့အနေနဲ့ ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) လုပ်ငန်းတွေပဲ ဦးစားပေးလုပ်သွားမယ်၊ အခုလုပ်နေတာတွေ အားလုံးဟာ ပြည်ခိုင်ဖြိုး နာမည်နဲ့ပဲ လုပ်နေတာ၊ ပါတီကလည်း ဖွဲ့ပြီးပြီဆိုတော့ ပါတီအမည်နဲ့ပဲ လုပ်သွားတော့မှာ၊ ဘယ်လိုအကြောင်းပဲဖြစ်ဖြစ် ပြည်ခိုင်ဖြိုးအမည်ပဲ သုံးမယ်လို့ ထပ်တလဲလဲ ပြောတယ်’’ ဟု စမ်းချောင်းမြို့နယ် ကြံ့ဖွံ့အသင်းဝင်တဦးက ပြောသည်။

မြို့တော်စည်ပင်သည် ပြီးခဲ့သည့် ၂ဝဝ၅ ခုနှစ်မှ စတင်ကာ လမ်းများ ပြုပြင်လုပ်ငန်းများတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းအမည်ကို ရောထွေးသုံးစွဲခဲ့ရာမှ နောက်ပိုင်းတွင် လူသိရှင်ကြား အသုံးပြုလာသည်။

ယခုနှစ် နွေရာသီတွင် ရေအခက်အခဲ တွေ့ကြံုနေသည့် ရန်ကုန်တိုင်းရှိ မြို့နယ်များသို့ ရေဘောက်ဆာကား ၁ဝ စီးခန့်ဖြင့် ရေပေးဝေရာ မြို့တော်ဝန်က ကားများတွင် ‘ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက အခမဲ့ ရေပေးသည်’ ဟူသော စာတန်းများ ချိတ်ဆွဲစေခဲ့သည်။ ထို့ပြင် ယခုနှစ် ရန်ကုန်တိုင်းရှိ လယ်သမားများကို ကြံ့ဖွံ့ပါတီ အမည်သုံးကာ ချေးငွေများ ပေးအပ်ခဲ့သည်။

’’လယ်သမားတွေကို ကျပ်သိန်းပေါင်း ၁ သိန်းလောက် ထုတ်ချေးမှာပါ။ အရင်နှစ်ကတော့ အသင်းအနေနဲ့ပဲ ချေးပေးတယ်။ ဒီနှစ်ကတော့ ရွေးကောက်ပွဲလည်း ရှိနေတယ်။ အသင်းကလည်း ပါတီအနေနဲ့ တရားဝင် လုပ်ခွင့်ရတယ်ဆိုတော့ အဲဒီနာမည်နဲ့ပဲ ချေးပေးတာ ဖြစ်တယ်’’ ဟု ရန်ကုန် စည်ပင်ကော်မတီမှ အကြီးတန်း အရာထမ်းတဦးက ပြောသည်။

ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့က မင်္ဂလာစျေးကြီး မီးလောင်ခဲ့ရာ မီးသင့်ဆိုင်ခန်း ပိုင်ရှင်များကို မြို့တော်စည်ပင် ဥက္ကဋ္ဌ မြို့တော်ဝန် ဦးအောင်သိန်းလင်းက စည်ပင်ဘဏ်မှ ငွေထုတ်ချေးပေးမည်ဟု ထိုလ နောက်ဆုံးအပတ်တွင် ကြေညာခဲ့သည်။ သို့သော် ပြီးခဲ့သည့်လ ၃ဝ ရက်နေ့တွင်မူ စျေးသာယာရေး ကော်မတီမှတဆင့် ဆိုင်ရှင်များကို ဖိတ်ခေါ်ကာ ကြံ့ဖွံ့ပါတီက ချေးငွေထုတ်ပေးမည်ဟု ပြောဆိုခဲ့ပြန်သည်။

မြို့တော်စည်ပင်ရှိ လမ်းနှင့် တံတားဌာနမှ အင်ဂျင်နီယာတဦးကလည်း ’’ကျနော်တို့က ရှက်မိတယ်။ တသက်လုံး လုပ်လာတာ စည်ပင်သာယာ အဖွဲ့မှာလေ။ အခုတော့ ပြည်သူတွေက စည်ပင်ဟာ ကြံ့ဖွံ့လို့တောင် ပြောကုန်ကြပြီ’’ ဟု ပြောသည်။

လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်နေသော ပြည်ထောင်စု ကြံံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ရွေးကောက်ပွဲ ကော်မရှင်တွင် ယခုနှစ် ဧပြီလ ၂၉ ရက်နေ့မှစတင်၍ ပါတီလျှောက်လွှာတင်ခဲ့ပြီးနောက် ကော်မရှင်က မှတ်ပုံတင် ခွင့်ပြုချက် ချပေးခဲ့ပြီးဖြစ်သည်။

ဦးအောင်သိန်းလင်းသည် ရန်ကုန်မြို့တော်ဝန်အဖြစ် ၂ဝဝ၃ ခုနှစ်ကတည်းက တာဝန်ယူခဲ့ပြီး၊ ရန်ကုန်တိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်း ဖြစ်သည်။ ယခုအခါ တောင်ဥက္ကလာပမြို့နယ်တွင် ရွေးကောက်ပွဲဝင်မည့် အမတ်လောင်းဖြစ်ကြောင်း ရန်ကုန်စည်ပင် အသိုင်းအဝိုင်းက ဆိုသည်။

ရန်ကုန် စည်ပင်သာယာရေးကော်မတီသည် ပြည်သူများထံမှ နှစ်စဉ်ရရှိသော အခွန်ငွေမှာ ငွေကျပ်ဘီလီယံ ၅ဝ ခန့်ရှိကြောင်း ရန်ကုန်စည်ပင် စာရင်းများအရ သိရသည်။

ယခင် ကြံ့ဖွံ့အသင်းနှင့် ယခု ကြံ့ဖွံ့ပါတီအတွက် မြို့တော်ဝန်သည် ယင်းအခွန်ငွေများဖြင့်သာ သုံးစွဲနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဘတ်ဂျက်ဌာနမှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း ၃၊ ပုဒ်မ ၁၂ (က-၅) တွင် ရွေးကောက်ပွဲဝင်မည့် ပါတီများအနေဖြင့် နိုင်ငံပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်နည်းဖြင့် ရယူသုံးစွဲခွင့် မပြုကြောင်းနှင့် သုံးစွဲပါက ယင်းပါတီမှာ ပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် မရှိကြောင်း ဖော်ပြထားသည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက ’’နိုင်ငံပိုင်ငွေနဲ့ ပါတီတွေ သုံးစွဲခွင့် မရှိဘူးဆိုတာ ရွေးကောက်ပွဲ ဥပဒေမှာ ပါပြီးသား။ အဲဒီတော့ တကယ်လို့သာ ပါတီတခုခုက အဲဒီလို သုံးစွဲနေတယ်ဆိုတာကို တိုင်ကြားရင် ရတယ်။ အဲဒီအခါ ကော်မရှင်က စစ်ဆေးရမှာ ဖြစ်တယ်။ ရောထွေးပြီးတော့ မလုပ်သင့်ဘူးလို့ မြင်တယ်’’ ဟု မဇ္စျိမကို ပြောသည်။