ဆီမီးဖိုင်နယ်ကို ဘယ်အသင်းတွေ တက်သွားနိုင်လဲဆိုတာ ကြည့်ကြရအောင်ပါ။
ဥရုဂွေး-ဂါနာ
အုပ်စု (အေ) က ဥရုဂွေးအသင်း ကစားခဲ့ပုံတွေ ပြန်ကြည့်ရင် အသင်းလိုက် စုဖွဲ့ကစားတာ ကောင်းပါတယ်။ ရှေ့လည်နောက်လဲ မျှပါတယ်။ လိုတဲ့အချိန် လိုသလို တင်ကစားတတ်တာလည်း တွေ့ရပါတယ်။
အစဉ်အလာပိုင်း ကြည့်ရင်လည်း ဥရုဂွေးဟာ ကမ္ဘာ့ဖလား ချန်ပီယံ ၂ ကြိမ် ဖြစ်ဖူးထားပါတယ်။ ဝါ၊ သမ္ဘာလည်း ရှိပါတယ်။ ရေပန်းစားတာလည်း ဂါနာထက် သာပါတယ်။
ဥရုဂွေးနဲ့ ကွာတားမှာ ကစားမယ့် အုပ်စု (ဒီ) ထဲက ဂါနာအသင်းကတော့ တောင်အာဖရိကတိုက်က တက်လာတဲ့ တခုထဲသော အသင်းပါ။ စိတ်ဓာတ်နဲ့ မာမာထန်ထန် ကစားတတ်တဲ့ အသင်းမျိုးပါ။
တောင်အာဖရိကမြေမှာ ပရိသတ်အားနဲ့ ကစားမှာပါ။ ဒါတွေက လွဲပြီး ဂါနာဟာ ကျန်တဲ့ အချက်တွေမှာ ဥရုဂွေးကို မမီပါဘူး။
တခုရှိတာက ဒီ ၂ သင်း မကစားဖူးပါဘူး။
ဥရုဂွေး ခက်ခက်ခဲခဲ ကစားပြီး ဆီမီးတက်ဖို့ ရှိပါတယ်။
ဘရာဇီး-နယ်သာလန်
အုပ်စုကျပ် အုပ်စုဖြစ်တဲ့ အုပ်စု (ဂျီ) ထဲက ဘရာဇီး ကစားပုံကတော့ တပွဲထက်တပွဲ ခြေစွမ်းထက်လာနေတာ တွေ့ရပါတယ်။
ပွဲကို လိုသလို ပုံဖော်ကစားနိုင်တဲ့ ပါရမီရှင် ကစားသမားတွေလည်း ရှိနေပါတယ်။
ကမ္ဘာ့ဖလား ၅ ကြိမ် ရထားတဲ့ အစဉ်အလာ၊ ပြိုင်ပွဲမစခင်ကထက် အခုအချိန်မှာ ပိုပြီး ရေပန်းစားလာနေတာတွေကလည်း ဘရာဇီးရဲ့ အားသာချက်တွေပါပဲ။
နယ်သာလန်က ပြိုင်ပွဲမစခင်ကထက် ပိုပြီး ရေပန်းစားလာနေပေမယ့် ဂျာမဏီ၊ စပိန်တို့လောက်တော့ မဟုတ်ပါဘူး။ ကမ္ဘာ့ဖလားမှာ အမြင့်ဆုံး ရောက်ဖူးတာလည်း ကွာတားအဆင့်ပါပဲ။
ဘရာဇီးရှေ့တန်း တကယ် အချိတ်အဆက်မိမိ ကစားရင် နယ်သာလန် နောက်ကြောင်းလှည့်ပြန်ဖို့ပဲ ရှိပါတယ်။
ဆီမီးလမ်းကြောင်းဖြောင့်နေတာက ဘရာဇီးပါပဲ။
အာဂျင်တီးနား-ဂျာမဏီ
ပရိသတ်အတွက်တော့ ကြည့်ကောင်းမယ့် ပွဲကြီးပွဲကောင်းတပွဲပါပဲ။
အသင်းဘက်က ကြည့်ရင်တော့ ကွာတားအဆင့်မှာ ဒီ ၂ သင်း လာဆုံတာ နစ်နာပါတယ်။
အာဂျင်တီးနား ကစားခဲ့တဲ့ ပွဲတွေ ပြန်ကြည့်ရင် ကမ္ဘာ့ဖလား ၂ ကြိမ် ရဖူးတဲ့ အစဉ်အလာရှိတဲ့ အသင်းဆိုတာ ပြနေပါတယ်။
ကမ္ဘာကျော် ဘောလုံးသမား မက်ဆီကလည်း အသင်းအတွက် အကောင်းဆုံး ခြေစွမ်းတွေပြပြီး ပေးဆပ်နေပါတယ်။
ကစားပုံ ကောင်းလွန်းလို့ ပြိုင်ပွဲမစခင်က ရေပန်းစားတဲ့ နေရာမှာ သူ့အထက်ရှိနေတဲ့ စပိန်ကို ကျော်လွန်ရေပန်းစားခဲ့တဲ့ အာဂျင်တီးနားပါ။
ဂျာမဏီက အစဉ်အလာပိုင်း၊ ဝါ၊ သမ္ဘာပိုင်းတွေမှာ အာဂျင်တီးနားကို ကောင်းကောင်း ယှဉ်နိုင်ပါတယ်။
မျိုးဆက်သစ်တွေနဲ့ ဝါရင့်အားကစားသမားတွေ စှဖွဲ့ထားပြီး စိတ်ဓာတ်မာကျောတဲ့ အသင်းပါ။
တိုက်စစ်မှာ မက်ဆီ၊ ဟီဂူအင်၊ တိဗက်တို့ရဲ့ အာဂျင်တီးနားက သာပြီး၊ ခံစစ်မာကျောမှုမှာ ဂျာမဏီက သာပါတယ်။
တောက်လျှောက် ကစားပုံကောင်းခဲ့တဲ့ အာဂျင်တီးနားတို့ပဲ ဆီမီးလမ်းကြောင်း ဆက်လျှောက်သွားမှာပါ။
စပိန်-ပါရာဂွေး
ကမ္ဘာ့ဖလား တကြိမ်မှ မရဘူးတဲ့ အသင်း ၂ သင်း လာဆုံတာပါ။
၂ဝ၁ဝ ကမ္ဘာ့ဖလားမစခင်က စပိန်အသင်း ရေပန်းစားမှုက ဗိုလ်စွဲမယ့် အသင်းလို့ကို ဆိုခဲ့တာပါ။
ကစားခဲ့တဲ့ပွဲတွေ ပြန်ကြည့်ရင် စပိန်ကစားပုံ ကောင်းသထက် ကောင်းလာတာ တွေ့ရပါတယ်။
နာမည်ကြီး ကစားသမားတွေလည်း တောရက်စ်တယောက်ကလွဲရင် ခြေမှန် ပြန်တွေ့နေကြပါပြီ။
ပေါ်တူဂီကို အနိုင်ကစားအပြီး စိတ်ဓာတ်ပိုင်းလည်း တက်ကြွနေပါတယ်။
ပါရာဂွေး ကစားပုံကတော့ လေးလေးမှန်မှန်ပါပဲ။ ကွာတားဖိုင်နယ်တောင် အခုမှ တက်လာနိုင်တာပါ။
ဂျပန်နဲ့ ကစားခဲ့တဲ့ ခြေမျိုးနဲ့ဆိုရင်တော့ ဂိုးအလှူပေးရဖို့ ရှိနေပါတယ်။
ဥရောပချန်ပီယံ စပိန်အသင်း ဆီမီးဖိုင်နယ်ကို အလွယ်တကူ တက်သွားမှာပါ။