သတင်းများ စိစစ်တည်းဖြတ်ရန် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက သူ၏ စာစစ်အဖွဲ့များကို ပြင်ဆင်ဖွဲ့စည်းလိုက်သဖြင့် အခက်အခဲများ ပိုရှိလာနိုင်သည်ဟုဆိုကာ ပြည်တွင်းဂျာနယ်လောကတွင် စိုးရိမ်နေကြောင်း သိရသည်။
ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးဝန်ကြီးဌာနအောက် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက သတင်းများကို ယခင်က ၃ ဦးပါ အဖွဲ့ ၅ ဖွဲ့ဖြင့် စိစစ်ခဲ့ရာမှ ယခင်သီတင်းပတ်မှစ၍ ၁၂ ဦးပါ အဖွဲ့တခုတည်းသာ ထားလိုက်သဖြင့် ဂျာနယ်များ အချိန်မီ မထုတ်နိုင်မည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။
“ကျနော်တို့ စိုးရိမ်နေတာက ဂျာနယ်အစောင် ၂ဝ ကျော်လောက်ကို သူတို့ပဲ စစ်မယ်ဆိုတော့ အချိန်မီ စစ်နိုင်ပါ့မလား။ စိစစ်ပြီးတော့ ချပေးရမယ့် အချိန်မှာ ပြန်ချပေးနိုင်ပါ့မလား၊ ပိုနောက်ကျမလား၊ ပိုရှုပ်လာမလားဆိုပြီးတော့ စိုးရိမ်နေကြတယ်” ဟု ရန်ကုန်ရှိ အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာတဦးက မဇ္စျိမကို ပြောသည်။
စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန၏ လက်ရှိ ညွှန်ကြားရေးမှူးမှာ ဗိုလ်မှူးတင့်ဆွေဖြစ်ပြီး တွဲဘက်ဒုညွှန်မှူးအဖြစ် ပြီးခဲ့သည့် လကုန်ပိုင်းမှ စတင်၍ ရေတပ်မှ ပြောင်းရွှေ့လာသည့် ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်မောင် တာဝန်ယူနေသည်။
ဗိုလ်မှူးတင့်ဆွေသည် ဒုညွှန်ကြားရေးမှူးချုပ်အဖြစ် ရာထူးတိုးကာ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ အခြားသော ဌာနသို့ မကြာမီ ပြောင်းရွှေ့ရမည်ဖြစ်ပြီး သူ၏ နေရာသို့ ရေတပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်မောင်ကို ခန့်အပ်မည် ဖြစ်သည်။
လတ်တလောတွင် ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်မောင်က သတင်းများကို ဦးစီးစိစစ်နေပြီး နိုင်ငံရေးသတင်းများ ဖော်ပြမှုကို ပိုမိုတင်းကျပ်လာသည့်အပြင် စာမူနောက်ဆက် တွဲ (သို့) အရေးကြီးသတင်းများကို တင်ပြရာတွင် ဗိုလ်မှူးတင့်ဆွေ ဦးစီးစဉ်က တညနောက်ကျတင်လျှင်ရသော်လည်း ယခုမူ သတ်မှတ်အချိန် ညနေ ၃ နာရီ အချိန်မီ ပို့ရကြောင်း အခြား ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။
သူက “ပြောင်းလိုက်တော့ မီဒီယာဘက်က အချိန်မီ စောပြီးတော့ လုပ်ပေးရတဲ့အတွက် အချိန်ယူနေရတယ်။ အရင်တုန်းက စာပေစိစစ်က သူတို့အလုပ်ရဲ့ ဘောင်ကနေ ကျော်ပြီးတော့ နားလည်မှုနဲ့ ပြလို့ရတယ်။ အခုလောလောဆယ် မရတော့ဘူး။ ညနေ ၃ နာရီမတိုင်မီ ပြရတော့မယ်။ သူတို့တဖွဲ့လုံး ရှိတဲ့အချိန်မှာ ပြရမယ်။ ၃ နာရီမှာ workshop (စိစစ်ရေးဆိုင်ရာ ဆွေးနွေးပွဲ) ရှိတဲ့အချိန် ပြရမယ်။ ညပိုင်းဖြစ်လာတဲ့ သတင်းတွေဆို ပြလို့မရတော့ဘူး။ အဲဒီလို အခက်အခဲတွေ ဖြစ်လာမယ်” ဟု မဇ္ဈိမကို ပြောသည်။
စာပေစိစစ်ရေးဌာနတွင် ဖွဲ့စည်းပုံအရ ညွှန်ကြားရေးမှူးတဦး၊ တွဲဘက် ညွှန်ကြားရေးမှူး ၂ ဦး၊ လက်ထောက်ညွှန်မှူး ၂ ဦး၊ ဦးစီးအရာရှိ ၄ ဦး ရှိကာ စာစစ်အဖွဲ့ကိုမူ ယခင်က ၃ ဦးပါ အဖွဲ့ ၅ ဖွဲ့ဖြင့် ဖွဲ့ခဲ့သည်။ ယခုမူ ၁၂ ဦးပါအဖွဲ့ တဖွဲ့ဖြင့် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
ဂျာနယ်များမှ တင်ပြလာသည့် စာမူကြမ်းများကို စာစစ်အဖွဲ့များက ဖတ်ရှုစိစစ်ပြီးနောက် ညွှန်ကြားရေးမှူးသို့ အဆင့်ဆင့် တင်ပြပြီး ခွင့်ပြုချက်ရမှာသာလျှင် ထုတ်ဝေခွင့် ချပေးသည်။
ထို့ပြင် သတင်းမူကြမ်းများကို ၃ ရက် ကြိုတင်ပြရပြီး စာပေစိစစ်ရေး၌ ၂ ရက်၊ ပုံနှိပ်စက်တွင် ၂ ရက်ကြာပြီး စုစုပေါင်း တပတ်အကြာတွင်မှ ဂျာနယ်ထုတ်ဝေ ဖြန့်ချိနိုင်သည်။
ဗိုလ်မှူးတင့်ဆွေ တာဝန်ယူနေစဉ်က သတင်းဂျာနယ်များ စိစစ်ရာတွင် ဂျာနယ် တစောင်နှင့် တစောင် စိစစ်သည့် စာစစ်မှူး ကွာခြားပြီး သတင်းဖော်ပြခွင့်များ ခြားနား သဖြင့် ယခင်လဆန်းပိုင်းမှ စတင်၍ တွဲဘက်ညွှန်ကြားရေးမှူး တာဝန်ယူနေသော ဒုတိယဗိုလ်မှူးကြီးမျိုးမြင့်မောင်က သတင်းများအားလုံးကို စိစစ်နေပြီး နိုင်ငံရေး သတင်းများကို ပိုတင်းကျပ်လိုက်သည်ဟု သိရသည်။
“နိုင်ငံရေးဆိုင်ရာ သတင်းဆောင်းပါး၊ ပညာပေးမှုတွေ၊ သုံးသပ်ချက်တွေ တင်းကျပ်တယ်။ ပါတီလှုပ်ရှားမှုသတင်း၊ စပြီး စည်းရုံးရေးဆင်းတဲ့ သတင်းမျိုးတွေ မပေးဘူး။ နိုင်ငံရေးသတင်း တင်ပြချင်ရင် ပထမဆုံးတင်တဲ့ မူကြမ်းထဲမှာ ပါအောင်ထည့်၊ နောက်ဆက်တွဲမှာ ထပ်ကျတဲ့အထဲ မတင်ရတော့ဘူး” ဟု အခြား ဂျာနယ်အယ်ဒီတာ တဦးကလည်း ပြောသည်။
စာပေစိစစ်ရေးဌာနသို့ နှစ်ပိုင်းခွဲတင်ပြရပြီး ပထမဆုံး သတင်းဂျာနယ် မူကြမ်းပြီးနောက် ဒုတိယမူကြမ်းအဖြစ် A4 စာရွက် ၃ မျက်နှာ ထပ်မံတင်ပြခွင့် ရရှိခဲ့ရာမှ ယခု နောက်ပိုင်း A4 စာရွက် ၂ ရွက်ကိုသာ တင်ခွင့်ရှိသည်။
အဆိုပါ ၂ မျက်နှာတွင်လည်း နိုင်ငံရေးနှင့်ပတ်သက်သည့် သတင်းများကို ပါဝင်ခြင်း မရှိရကြောင်း ယမန်နေ့က ၎င်းကို ဒုတိယဗိုလ်မှူးကြီးမျိုးမြင့်မောင်က ပြောဆို ခဲ့သည်ဟု အယ်ဒီတာတဦးက ပြောဆိုလိုက်သည်။