တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနှင့် မတရားအသင်းနှင့် ဆက်သွယ်မှုဖြင့် စွပ်စွဲခံထားရသော သင်္ကြန်တွင်းကာလ ဗုံးပေါက်ကွဲမှုမြင်ကွင်းကို ရိုက်ကူးခဲ့သူ ဓာတ်ပုံ သတင်းထောက် ကိုစည်သူဇေယျကို မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးတွင် ယနေ့ ရုံးထုတ်သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူများက ပြောသည်။
ရဲစစ်ကြောရေးစခန်းတွင် ဓာတ်ပုံသတင်းထောက်က ဝန်ခံခဲ့သည်ဆိုသော ထိုင်းနိုင်ငံတွင် ပြုလုပ်သော သတင်းထောက် သင်တန်းတခုကို တက်ရောက်ခြင်းနှင့် ပတ်သက်၍ တရားသူကြီးက ဖတ်ကြားသွားသည်။ ကိုစည်သူဇေယျ၏ ရှေ့နေ ဦးအေးသိန်းက ရဲထံ အစစ်ခံချက်များမှာ တရားမဝင်ဟု ပြန်လည်ချေပခဲ့သည်ဟု သိရသည်။
ကိုစည်သူဇေယျ၏ ပြောကြားချက်ကို ကိုးကားပြီး သတင်းပေးသူက မဇ္ဈိမသို့ ပြောကြားရာတွင် စစ်ကြောရေးပြုလုပ်စဉ် ရဲက ညှဉ်းပန်းမှုလုပ်ခဲ့သည်ဟု ဆိုသည်။
”ခြေဖျားထောက်ပြီး မတ်တပ်ရပ်ခိုင်းတာ၊ ဒူးထောက်ခိုင်းတာတို့ လုပ်ခိုင်းတယ်။ အဲဒီလို ၃ ရက်လောက် လုပ်ခိုင်းပြီး ၄ နပ်လောက် ထမင်းမကျွေးဘဲ ထားတဲ့အခါ သူက ဖြောင့်ချက်ပေးခဲ့ရတာ။ ဒီဖြောင့်ချက်အရ လဝက က နယ်စပ်ဖြတ်ကျော်မှုနဲ့ တရားလိုအဖြစ် တရားစွဲခဲ့တာ’’ ဟု သတင်းပေးသူက ပြောသည်။
ကိုစည်သူဇေယျကို လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပြဋ္ဌာန်းချက် အက်ဥပဒေ ၁၃ (၁)၊ မတရားအသင်း ဆက်သွယ်မှု ဥပဒေ ၁၇ (၁) တို့ဖြင့် ရဲက တရားလိုပြုလုပ် တရားစွဲ ထားသည်။
ထိုင်းနိုင်ငံတွင် မီဒီယာသင်တန်းသို့ သွားတက်ခဲ့ကြောင်းနှင့် ပြည်ပရောက် အတိုက်အခံ ညွန့်ပေါင်းအစိုးရ NCGUB နှင့် ဆက်သွယ်ခဲ့သလို၊ ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗီဘီ) တာဝန်ရှိသူတဦးထံမှ ဗီဒီယိုကင်မရာ ရယူခဲ့သေးကြောင်း စစ်ကြောရေးစခန်းတွင် ဖြောင့်ချက်ပေးခဲ့သည်ဟု လက်ထောက်တရားသူကြီးတဦးက တရားရုံးတွင် ဖတ်ကြားပြခဲ့သည်ဟု တရားခွင်အနားသို့ သွားရောက်ခဲ့သူတဦးက ပြောသည်။
လူ ၁ဝ ဦးသေဆုံးခဲ့သော ဧပြီလ ၁၅ ရက်နေ့က ရန်ကုန်မြို့ ကန်တော်ကြီးအနီး ရေပက်မဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားနောက် ဓာတ်ပုံရိုက်နေစဉ် ကိုစည်သူဇေယျကို ရဲက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဖခင်ဖြစ်သူ ဦးဇေယျကိုလည်း နောက်တရက်တွင် ဆက်လက်ဖမ်းဆီးပြီး ညွန့်ပေါင်းအစိုးရနှင့် ဆက်သွယ်မှုဖြင့် တရားစွဲထားရာ နောက်တပတ် အင်္ဂါနေ့တွင် ရုံးထုတ်မည်ဟု မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။
ထိုအမှုနှင့် ဆက်စပ်၍ အခြားဖြစ်ထွန်းမှုတခုမှာ စွမ်းအားမြှင့် စစ်သည်တော် ကျောင်းသားအဖွဲ့ လက်ချက်ဟု စစ်အစိုးရက စွပ်စွဲထားသော ဗုံးကွဲမှုတွင် ပါဝင်သည်ဟု စွပ်စွဲခံရသူ လျှပ်စစ်အင်ဂျင်နီယာ ကိုဖြိုးဝေအောင်က “လုံးဝပတ်သက်မှုမရှိ” ဟု ဇွန်လ ၂၃ ရက်နေ့က သွားရောက်တွေ့ဆုံစဉ်က ပြောကြားကြောင်း သူ၏ ရှေ့နေ ဥိီးကျော်ဟိုးက ပြန်ပြောပြသည်။
ကိုဖြိုးဝေအောင်၏ အမှုကို လာမည့် တနင်္လာနေ့တွင် ရုံးထုတ်မည်ဟု တရားရုံးက ကြေညာထားသော်လည်း မည်သည့်တရားရုံးတွင် အမှုဆိုင်ရမည်ကို မသတ်မှတ် ထားသေးပေ။
ကိုဖြိုးဝေအောင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် သူကန်ထရိုက်ရယူထားသော ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ရှိနေခဲ့သည်ဟု မိသားစုဝင်များက မီဒီယာများကို ပြောထားသည်။
http://mizzimaburmese.com/news/inside-burma/5584-2010-06-25-13-57-26.html