ကြံ့ဖွံ့ပါတီ ချောင်းဆုံတွင် စည်းရုံးရေးဆင်း

ကြံ့ဖွံ့ပါတီ ချောင်းဆုံတွင် စည်းရုံးရေးဆင်း
by -
ကျော်ခ
စစ်အစိုးရ၏ နိုင်ငံရေးပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးက မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင်း ပါတီဝင်သစ် စုဆောင်းမှုနှင့် မဲဆွယ်မှုများ ပြုလုပ်လျှက်ရှိ...

စစ်အစိုးရ၏ နိုင်ငံရေးပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးက မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင်း ပါတီဝင်သစ် စုဆောင်းမှုနှင့် မဲဆွယ်မှုများ ပြုလုပ်လျှက် ရှိသည်။

ချောင်းဆုံမြို့နယ် ကြံ့ဖွံ့စည်းရုံုးရေးမှူး ဦးမျိုးမင်းလှိုင် ဦးဆောင်သော အဖွဲ့က ချောင်းဆုံမြို့နယ်အောက်ရှိ ကျေးရွာများမှ ရွာဥက္ကဌများကို တရွာလျှင် လူ ၅ဝ စီ စုဝေး ခိုင်းပြီး ဝန်ကြီးချုပ် ဦးသိန်းစိန်ဦးစီးသော ကြံ့ဖွံ့ပါတီကို ၂ဝ၁ဝ ရွေးကောက်ပွဲတွင် မဲထဲ့ရန်နှင့် ပါတီဝင်ကြရန် စည်းရုံးရေးလုပ်နေခြင်း ဖြစ်သည်။

ကြံဖွံ့အဖွဲ့၏ တရွာဝင် တရွာထွက် စည်းရုံးရေးခရီးစဉ်ကို တနင်္လာနေ့မှစတင်ပြီး ဒေသတွင်း ဆက်လက် လှည့်လည်လျှက်ရှိသည်။ သို့သော်လည်း ထူးခြားစွာပင် ချောင်းဆုံမြို့ပေါ်တွင် စည်းရုံးရေးလုပ်ငန်းများ မဆောင်ရွက်ရသေးကြောင်း ဒေသခံများက ပြောသည်။

“သူတို့ကမလာခင် ရွာသူကြီးတွေကို ရွာတရွာကို အိမ်ထောင်ဦးစီး လူဦးရေ ၅ဝ စုထားဖို့  ကြိုပြီး အကြောင်းကြား ထားတာ။ သူတို့ရောက်လာတာနဲ့ စည်းရုံးရေးတရား ဟောတော့တာပဲ။ ပြီးရင်ဓါတ်ပုံတွေရိုက်ပြီး ဖေါင်ဖြည့်ထားတဲ့ စာရွက်ပေါ်မှာ ကပ်ယူသွားတာ” ဟု ကတောင်စိန် ရွာခံတဦးက မဇ္စျိမကိုပြောသည်။

ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီကသာ အနိုင်ရမည်ဟု စည်းရုံးသူများက ပြောကြားသွားသည်။

“မဲထည့်တဲ့အခါကြရင်လည်း မဲပေးမမှားအောင် ခြင်္သေ့ကိုပဲ မဲပေးဖို့ပြောတယ်။ ခြင်္သေ့ဆိုတာ တောတောင်တွေရဲ့ ဘုရင်တဲ့ ဘယ်ကောင်မှ မနိုင်ဘူးတဲ့။ အဲဒါကြောင့် ဒီရွေးကောက်ပွဲမှာလဲ သူတို့ ခြင်္သေ့ပဲ နိုင်မှာဖြစ်တဲ့အတွက် နောင်တမရစေချင်လို့ ပြောတာတဲ့” ဟု သူက မဇ္စျိမကို ပြောသည်။

ကြံ့ဖွံ့ပါတီ၏ အမှတ်အသားဖြစ်သော ခြင်္သေံ့တံဆိပ်ကို စည်းရုံးရေးသမားများက ရည်ညွှန်းပြောဆိုသွားခြင်းဖြစ်သည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်လျှောက်ထားကြသော  ၄၂ ပါတီအနက် ကြံ့ဖွံ့ပါတီကို စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်က ဦးဆောင်ပြီး တနိုင်ငံလုံးအနှံ့ မဲဆန္ဒနယ်များတွင် ပါဝင်ရန် ရည်မှန်းထားကြသည်။

မွန်ဒေသကို ကိုယ်စားပြု ဝင်ပြိုင်မှာဖြစ်သော တခုတည်းသော မွန်ပါတီဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီကတော့ ပါတီစည်းရုံးရေးလုပ်ငန်းများ မစနိုင် သေးဟု ပါတီဥက္ကဌ နိုင်ငွေသိန်းက မဇ္စျိမကိုပြောသည်။

ကြံ့ဖွံ့ပါတီနှင့် အစိုးရလိုလားသော ပါတီတခုဖြစ်သည့် ယခင် အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမွေဆက်ခံထားသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့မှာ အဓိက ပြိုင်ဖက်များဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီက ပြောသည်။

“ကျနော်တို့ကတော့ ဒေသခံ ပြည်သူလူထုကိုပဲ အားကိုးပြီး တော့ စည်းရုံးမှာပါ။ ကျနော်တို့ပါတီရဲ့မူဝါဒကို လူထုကိုချပြမယ်။ လူထုဆီက တောင်းဆိုချက်တွေကိုလည်း ကျနော်တို့က လက်ခံမယ်။ အတင်းအားဓမ္မတော့ မစည်းရုံးပါဘူး” ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမင်းနွယ်စိုးက မဇ္စျိမကိုပြောသည်။

လူမှုရေးအသင်းအဖွဲ့ဟု ကြေညာကာ တည်ထောင်ခဲ့သော ပြည်ထောင်စုကြံ့ခို်င်ရေးနှင့် ဖွ့ံဖြိုးရေးအသင်းကို အမွေဆက်ခံပြောင်းလဲလိုက်သော ကြံ့ဖွံ့ပါတီမှာ ယခင် ကတည်းက ဝန်ကြီးဌာနများ၏ ရန်ပုံငွေများဖြင့် ဒေသအချို့တွင် လမ်းခင်း၊ ဆေးခန်း ဆောက်လုပ်မှုများ ရှိနေခဲ့သည့်အတွက် လူထုအကြား မိတ်ဆက်ပြီးသား ဖြစ်နေခဲ့ သည်ဟု ရန်ကုန်တို်င်းမှ ကြံ့ဖွံံ့ခေါင်းဆောင်တဦးက ပြောသည်။

သို့သော်လည်း လူမှုရေး ကြံ့ဖွံ့အသင်းနှင့် နိုင်ငံရေး ကြံ့ဖွံ့ပါတီကို သီးခြားခွဲထုတ်မှာလား ဆိုသည်ကတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ နေပြည်တော်က ညွှန်ကြား ချက်ကိုသာ စောင့်ဆိုင်းနေကြသည်။

ကြံ့ဖွံ့အသင်းတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ နာယက တဦးဖြစ်သည်။

မေလနောက်ဆုံးပတ်က နေပြည်တော်တွင်  ပြုလုပ်ခဲ့သော စစ်ဘက်ထိပ်သီးများ၏ လေးလပတ် အစည်းအဝေးတွင် ကြံ့ဖွံံပါတီ အနိုင်ရရေးအတွက် ဝိုင်းဝန်းပံ့ပိုးရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စစ်တိုင်းမှုးများကို မှာကြားခဲ့သည်။

http://mizzimaburmese.com/news/2010-election/5567-2010-06-22-13-53-29.htm