မြန်မာ့ရွှေစျေးသည် ပြီးခဲ့သည့်လက ရောက်ရှိခဲ့သည့် စံချိန်တင် စျေးနှုန်းကို ထပ်မံမြင့်တက်ကာ တကျပ်သားလျှင် ၆ သိန်း ၅ သောင်း ၈ ထောင်ကျပ် စျေးနှုန်းဖြင့် ယနေ့ စျေးပိတ်သွားခဲ့..
မြန်မာ့ရွှေစျေးသည် ပြီးခဲ့သည့်လက ရောက်ရှိခဲ့သည့် စံချိန်တင် စျေးနှုန်းကို ထပ်မံမြင့်တက်ကာ တကျပ်သားလျှင် ၆ သိန်း ၅ သောင်း ၈ ထောင်ကျပ် စျေးနှုန်းဖြင့် ယနေ့ စျေးပိတ်သွားခဲ့သည်။
ပြီးခဲ့သည့်လ မေလအလယ်ပိုင်းက စံချိန်တင်ရောက်ရှိခဲ့သည့် ၆ သိန်း ၄ သောင်း ၁ ထောင်ကျပ် စျေးနှုန်းထက် ကျပ် ၁ သောင်း ရ ထောင် ထပ်မံမြင့်တက် လာခြင်းလည်း ဖြစ်သည်။
“အဓိကကတော့ ကမ္ဘာ့ရွှေစျေးတက်လို့ပါ။ နိုင်ငံတကာ စျေးနှုန်းတက်တော့ ပြည်တွင်းစျေးနှုန်းလည်း လိုက်တက်ရတာပေါ့” ဟု ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် ၂၉ လမ်းရှိ ရွှေဆိုင်ပိုင်ရှင်တဦးက ပြောသည်။
မြန်မာ့ရွှေစျေးသည် ပြီးခဲ့သည့်လလယ်ပိုင်းက ကျပ် ၆ သိန်း ၄ သောင်း ၅ ထောင်အထိ မြင့်တက်ခဲ့ပြီးနောက် လကုန်ပိုင်းတွင် ကျပ် ၆ သိန်း ၃ သောင်း ၈ ထောင်သို့ ပြန်လည်ကျဆင်းခဲ့သေးသည်။
သို့သော် ယခုလ ပထမပတ်တွင် ကျပ် ၆ သိန်း ၄ သောင်း ၂ ထောင်သို့ ပြန်လည်မြင့်တက်လာခဲ့ပြီးနောက် ဒုတိယပတ်တွင် ၆ သိန်း ၄ သောင်း ၅ ထောင်၊ တတိယ ပတ်တွင် ၆ သိန်း ၄ သောင်း ရ ထောင့် ၅ ရာသို့ တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး ယနေ့တွင် ၆ သိန်း ၅ သောင်း ၈ ထောင်သို့ ရောက်ရှိခဲ့သည်။ ယနေ့ ကမ္ဘာ့ရွှေစျေး နှုန်းမှာ တအောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၆၂ ပေါက်စျေး ရှိသည်။
ပြီးခဲ့သည့် မေလ အလယ်ပိုင်းက ကမ္ဘာ့ရွှေစျေးကွက်တွင် ရွှေတအောင်စလျှင် ကန်ဒေါ်လာ ၁၂၃၈ ပေါက်စျေးရှိသဖြင့် ရက်ပေါင်း ၃၇ ရက်အတွင်း တအောင်စလျှင် ကန်ဒေါ်လာ ၂၄ ဒေါ်လာ မြင့်တက်လာခဲ့သည်။
ရွှေစျေးမြင့်တက်သော်လည်း စျေးကွက်အတွင်း အရောင်းထိုင်းနေကြောင်းနှင့် နယ်ဝယ်လက်များ ကျဆင်းသွားကြောင်း လသာမြို့နယ် ၂၂ လမ်းမှ ရွှေဆိုင်ပိုင်ရှင် တဦးက ပြောသည်။
“နယ်ဝယ်လက်က အရင်ကထက် ပိုနည်းသွားတယ်။ စျေးတက်တာလည်း ကြာပြီဆိုတော့ သိပ်ရောင်းချင်နေတာမျိုးလည်း မရှိကြပါဘူး။ လက်ထဲမှာပဲ ထားကြတယ်။ လာဝယ်ရင်လည်း ရောင်းလိုက်တယ်” ဟု သူက ပြောသည်။
ရွှေစျေးမြင့်တက်မှုနှင့်အတူ ကျဆင်းခဲ့သော အမေရိကန် ဒေါ်လာငွေလဲနှုန်းသည် ပြီးခဲ့သည့် မေလအလယ်ပိုင်းမှ ယခုလ တတိယပတ်အထိ တဒေါ်လာလျှင် မြန်မာငွေ ၉၉၀ ကျပ်နှုန်း ဝန်းကျင်တွင် ရပ်တန့်နေခဲ့ရာမှ ယနေ့တွင် ၉၈၂ ကျပ်သို့ ကျဆင်းသွားသည်။
ယနေ့ လဲလှယ်နှုန်းမှာမူ ကန်တဒေါ်လာလျှင် ၉၈၂ ကျပ် ရှိပြီး FEC တဒေါ်လာလျှင် ၉၅၀ ကျပ် (ရောင်းချစျေးနှုန်း) ဖြစ်သည်။ ဝယ်ယူစျေးနှုန်းမှာ တဒေါ်လာ ၉၇၅ ကျပ်ဖြစ်ပြီး FEC မှာ ၉၄၅ ကျပ် ဖြစ်သည်။
မြန်မာနိုင်ငံ ရွှေစျေးကွက်သည် ရန်ကုန်မြို့ ၂၉ လမ်းတွင်အဓိက တည်ရှိပြီး တနေ့တာ ရောင်းဝယ်ဖောက်ကားကြမည့် အခေါက်ရွှေစျေးနှုန်းကို ပန်းဘဲတန်းမြိုနယ် ရွှေဘုံသာလမ်းရှိ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ သတ်မှတ်ပေးခြင်း ဖြစ်သည်။
ရွှေလုပ်ငန်းရှင်များ အသင်းကို ၂ဝဝ၂ ခုနစ်တွင် ပြည်ထဲရေးဝန်ကြီးဌာနက ဦးဆောင် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး ရွှေဆိုင်ပိုင်ရှင်များသည် အသင်းရုံးသို့ သွားရန် မလိုသော်လည်း အသင်းက သတ်မှတ်ပေးသည့် စျေးနှုန်းအတိုင်းသာ ရောင်းချရသည်။
မြန်မာနိုင်ငံရှိ ရွှေစျေးနှုန်းကို ရွှေလုပ်ငန်းရှင်များအသင်း အထက်မြန်မာပြည် (မန္တလေး) နှင့် အောက်မြန်မာပြည် (ရန်ကုန်) တို့က ထိန်းချုပ်ထားသည်ဟု ရွှေလုပ်ငန်း အသိုင်းအဝိုင်းက ဆိုသည်။
http://mizzimaburmese.com/news/business/5557-2010-06-21-14-15-09.html