ကရင်တိုက်ပွဲ ဗီဒီယို အွန်လိုင်းတွင် လူကြည့်များ

ကရင်တိုက်ပွဲ ဗီဒီယို အွန်လိုင်းတွင် လူကြည့်များ
by -
ခိုင်စု
ကရင်စစ်သားတဦး ရိုက်ကူးထားသော စစ်တပ်နှင့် ကရင်လွတ်မြောက်ရေး တပ်မတော် KNLA တို့ ဖြစ်ပွားသော တိုက်ပွဲအကြောင်း ရုပ်သံမှတ်တမ်းတခုသည် You Tube ပေါ်တွင် လူကြည့်များသော သတင်းမှတ်တမ်း ရုပ်သံတခု ဖြစ်လ...

ကရင်စစ်သားတဦး ရိုက်ကူးထားသော စစ်တပ်နှင့် ကရင်လွတ်မြောက်ရေး တပ်မတော် KNLA တို့ ဖြစ်ပွားသော တိုက်ပွဲအကြောင်း ရုပ်သံမှတ်တမ်းတခုသည် You Tube ပေါ်တွင် လူကြည့်များသော သတင်းမှတ်တမ်း ရုပ်သံတခု ဖြစ်လာသည်။

ယင်းဗီဒီယိုဖိုင်သည် ပြီးခဲ့သည့်နှစ်ထဲတွင် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်၌ ခြေလျင်တပ်ရင်း ခလရ ၆ဝ နှင့် KNLA တပ်မဟာ ၃ တို့ ဖြစ်ပွားသော တိုက်ပွဲမှတ်တမ်း ဖြစ်သည်။ You Tube သို့ ဇွန်လ ၁၂ ရက်နေ့က တင်ထားရာ ယနေ့အထိဆိုလျှင် ကြည့်ရှု့သူပေါင်း ရ၂ဝဝ ကျော် ရှိသွားပြီဖြစ်သည်။

ဂျပန်နိုင်ငံတွင် နေထိုင်သည့် Maungwto က ယင်းဗီဒီယို ရုပ်သံဖိုင်အား ဂျပန်ရှိ ကရင်ရေးရာ တာဝန်ခံ ဦးစောမျိုးခိုင်ရှင်းထံမှ ရရှိကာ You Tube ပေါ်သို့ တင်ပေးခဲ့ခြင်း ဖြစ်သည်။

“KNLA နဲ့ ပတ်သက်တဲ့ တိုက်ပွဲကို You Tube ပေါ်တင်တာက ဒါဟာ ပထမဆုံးပါ။ အရင်ကတော့ နအဖနဲ့ SSA (ရှမ်းပြည်တပ်မတော်) တို့ တိုက်ပွဲဖြစ်တာကို ၂ဝဝ၉ မတ်လ တုန်းက တင်ဖူးတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

ထိုတိုက်ပွဲတွင် စစ်အစိုးရတပ်မှ  ရ ဦး  ကျဆုံးပြီး KNLA မှ တဦးကျဆုံးပြီး ရဲဘော် ၂ ဦး ပြင်းစွာ ဒဏ်ရာရရှိခဲ့သည်ဟု ကိုစောမျိုးခိုင်ရှင်းက ပြောသည်။

You Tube ကို မြန်မာနိုင်ငံတွင် ပိတ်ပင်ထားပြီး အင်တာနက်မြန်နှုန်း နှေးကွေးသော်လည်း လူတချို့က ပရောက်ဆီ ဆာဗာများမှတဆင့် ဒေါင်းလုပ်လုပ်ပြီး ကြည့်ရှု ခဲ့သည်ဟု ရန်ကုန်မှ အင်တာနက်ကျွမ်းကျင်စွာ သုံးစွဲတတ်သူ လူငယ်တဦးက ပြောသည်။

“သူငယ်ချင်းတယောက် မေးလ်ကနေ ပို့လိုက်လို့ ကြည့့်ဖြစ်တယ်။ ပြည်တွင်းမှာ အခုလို ဖြစ်နေတာ မြင်တော့ စိတ်ထိခိုက်မိတယ်” ဟု သူက ပြောသည်။

မြန်မာပြည်တွင်းမှ အိုင်တီပညာရှင်များက အင်တာနက်မှ ဗီဒီယိုကလစ်များကို ယခုလိုကြည့်ရှုနိုင်ခြင်းမှာ မီဒီယာသစ်ကြောင့်ဖြစ်ပြီး တိုင်းပြည်တွက် တိုးတက် ဖြစ်ထွန်းမှု ဟု ပြောဆိုလိုက်သည်။

စစ်အစိုးရက သတင်းမီဒီယာ အင်တာနက်များအား ထိန်းချုပ်ပိတ်ဆို့မှုများ ရှိနေသော်လည်း မြန်မာနိုင်ငံတွင် မီဒီယာသစ်ဟု ဆိုနိုင်သော လူမှုကွန်ယက် ဝဘ်ဆိုဒ်များ ဖြစ်သည့် Blog ၊ Facebook နှင့် အီးမေးလ် အုပ်စုများမှတဆင့် သတင်းအချက်အလက်များ ရရှိကြသည်။

“ပြည်ထဲမှာ တော်ရုံလူမသိနိုင်တဲ့ ဖြစ်ပျက်နေတဲ့ ဟာတွေ၊ ဓာတ်ပုံတွေ၊ သတင်းအချက်အလက်တွေက blog ၊ email ၊ facebook တို့လို အင်တာနက်တွေကတဆင့် ဖျတ်ခနဲ ဖျတ်ခနဲ ရောက်လာတယ်” ဟု ပြည်တွင်းမှ အိုင်တီပညာရှင် လူငယ်တဦးက မဇ္ဈိမကို ပြောသည်။

ထိုင်း-မြန်မာနယ်စပ်မြို့ မဲဆောက်အခြေစိုက် ဘလော့ဂါ ဒေါက်တာလွဏ်းဆွေက Web 2.0 နှင့် အခြားသော မီဒီယာသစ်များသည် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် အရေးပါသော နေရာတွင် ရှိနေသည်ဟု ပြောသည်။

“မီဒီယာသစ်တွေရဲ့ အခန်းကဏ္ဍကတော့ ကျနော်တို့ ဒီမိုကရေစီလှုပ်ရှားမှုမှာ အရေးပါတဲ့ ကဏ္ဍတရပ်အနေနဲ့ ရှိနေပါတယ်” ဟု သူက ပြောသည်။ ”ပြည်တွင်းမှာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာဖြစ်ဖြစ် ကိုယ့်မြန်မာပြည်နဲ့ပတ်သက်တဲ့ သတင်းမှန်သမျှက အမြန်ဆုံး တက်လာတာကတော့ ဒီ ဘလော့ဂ်တွေမှာပဲ” ဟု သူက ဆိုသည်။

ဝဘ်ဆိုဒ်များသည် ဆင်ဆာဖြတ်တောက်ခံရခြင်းမရှိသော သတင်းအချက်အလက်များ ရရှိရာ အရင်းအမြစ်တခုဖြစ်လာပြီး ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာလှုပ်ရှားမှု နောက်ပိုင်းတွင် မြန်မာများအကြား တွင်ကျယ်စွာ အသုံးပြုလာခဲ့သည်။

စစ်အစိုးရက အင်တာနက်မှတဆင့် သတင်းအချက်အလက် စီးဆင်းမှုကို တင်းကျပ်စွာ ထိန်းချုပ်ထားသော်လည်း ပရောက်ဆီဆာဗာများကိုသုံး၍ ဆင်ဆာနှင့် သတင်း အမှောင်ကျမှုကို မြန်မာပြည်သားတို့ ကျော်လွှားနေကြသည်။

“ပြည်တွင်းပြည်ပ သတင်းတွေတက်ရင် ပထမဆုံးက ဘလော့ဂ်တွေကပေါ့့။ အစိုးရကလည်း ထိန်းချုပ်ရခက်လာတယ်။ တချို့တွေကျတော့ သူ့ရဲ့ သတင်းရဲ့  အရည်အသွေးနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကတော့ လျော့နည်းကောင်း လျော့နည်းမယ်ပေါ့” ဟု ဒေါက်တာ လွဏ်းဆွေက ပြောသည်။

http://mizzimaburmese.com/news/regional/5555-2010-06-21-11-59-45.html