မောင်တောတွင် ကုန်စျေးနှုန်းများ မိုးပေါ်ထောင်တက်

မောင်တောတွင် ကုန်စျေးနှုန်းများ မိုးပေါ်ထောင်တက်
by -
ခိုင်စု
မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် လူအသေအပျောက်များသော မြေပြိုမှုများဖြစ်ခဲ့ပြီးနောက် ကုန်စည်စီးဆင်းမှု ပြတ်တောက်ကာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့တွင် အခြေခံ စားသောက်ကုန်စျေးနှုန်းများ မြင့်တက်...

မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် လူအသေအပျောက်များသော မြေပြိုမှုများဖြစ်ခဲ့ပြီးနောက် ကုန်စည်စီးဆင်းမှု ပြတ်တောက်ကာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့တွင် အခြေခံ စားသောက်ကုန်စျေးနှုန်းများ မြင့်တက်ကုန်သည်။

ယခုလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် မြေပြိုကျမှုကြောင့် လူနေအိမ်များ ပျက်စီးခဲ့သည့် မြန်မာ-ဘင်္ဂလားဒေ့ချ်နယ်စပ်မြို့ မောင်တောတွင် ယခင်က ကျပ် ၁၃ဝဝဝ ဆန်တအိတ်သည် ယခုအခါ ၁၈ဝဝဝ ကျပ်သို့ ခုန်တက်သွားကာ ကြက်ဥ ၄ လုံး ကျပ် ၅ဝဝ မှ ကျပ် ၈ဝဝ သို့ မြင့်တက် သွားသည်။

“အိမ်ပြိုကျလို့ ဆွေမျိုးတွေရဲ့ အိမ်တွေမှာ သွားနေကြရတယ်ဗျာ။ ဒီကြားထဲ စားသောက်ကုန်တွေက ရုတ်တရက် စျေးနှုန်းတက်ကုန်တော့၊ ပိုက်ဆံကလည်း မရှိတော့ ဝယ်ရခြမ်းရတာ ဒုက္ခရောက်ကြရတာပေါ့ဗျာ” ဟု မောင်တော ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

မြေပြို ရေကြီးမှုများကြောင့် ဘူးသီးတောင်မြို့နယ်တွင် ၃၁ ဦး၊ မောင်တောမြို့နယ်တွင်  ၂၄ ဦး၊ မင်းပြားနှင့် မြေပုံမြို့နယ်ကြားရှိ ရွာတရွာတွင် မိုးကြိုးပစ်ခံရသဖြင့် ၁ ဦး၊ စစ်တွေမြို့နယ်တွင် စစ်သား ၁ ဦး သေဆုံးခဲ့သည်ဟု စစ်အစိုးရက ထုတ်ပြန်ထားသည်။

ရန်ကုန်ရှိ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP ရုံုးအရာထမ်းတဦးက လူထောင်ပေါင်းများစွာ ရွှေ့ပြောင်းနေထိုင်ရခြင်း သို့မဟုတ် အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီး “အခု လောလောဆယ် အရေးတကြီး လိုနေတာ ရေသန့်၊ ခိုလှုံစရာ၊ အစားအသောက်နဲ့ ဆေးဝါးတွေနဲ့ စောင်တွေပါ” ဟု အီးမေးလ်မှတဆင့် ပြောသည်။

လမ်းများပျက်စီးမှုနှင့် တံတားများ ရေထဲမျောပါပျက်စီးသွားခြင်းကြောင့် နှောင့်နှေးကြန့်ကြာမှုနှင့် အခက်အခဲဖြစ်နေကြောင်း ကယ်ဆယ်ရေး ဝန်ထမ်းများက ပြောသည်။

မောင်တောမှ ဘင်္ဂလားနယ်စပ်သို့ သွားသော ကားလမ်းပေါ်တွင် ၃ မိုင် တံတား ရေမျောသွားသည့်အပြင် ဘူးသီးတောင်-မောင်တော ကားလမ်းရှိ လိုဏ်ဂူကြီး မြေပြို ကျကာ ကားလမ်းမှာ ပေ ၆ဝဝ ခန့် တောင်ပြိုပိတ်ဆို့နေသည်ဟု ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

ရခိုင်ပြည်ယ် မြို့တော် စစ်တွေမြို့နယ်ရှိ  ရခိုင်သဲချောင်းရွာတွင် ၂၈ အိမ်ပျက်စီးပြိုကျ သွားခဲ့သည်ဟု စစ်တွေမြို့နယ် နာရေးကူညီမှုအသင်း အဖွဲ့ဝင်တဦးက ပြောသည်။

ထို့အပြင် စစ်တွေ-ရန်ကုန် လမ်းမကြီးကြားရှိ ပုဏ္ဏားကျွန်းမြို့နယ်တွင် တောင်ကျရေ တိုက်စားသဖြင့် ကြံခင်းရွာအနီး သံကူကွန်ကရစ်တံတား ပျက်စီးခဲ့သွားသည်။

မြောက်ဦးမြို့ခံတဦးက “မြောက်ဦးက ၁၄ ရက်နေ့မှာ စစ်တွေကို လာတာ။ တံတားပျက်နေလို့ ကားကို ထော်လာဂျီတွေနဲ့ ဆွဲတင်ပြီး လာရတယ်။ စစ်တွေကို ၁၆ ရက် နေ့မှရောက်တယ်။ ကားတစီးပြီး တစီး ပြောင်းစီးလာရတယ်။ လမ်းလည်း လျှောက်ရတယ်။ သာမန်ဆို ဒီခရီးစဉ်က ၅ နာရီလောက်ပဲ ကြာတယ်” ဟု မဇ္ဈိမကို ပြောသည်။

http://mizzimaburmese.com/news/inside-burma/5541-2010-06-18-15-30-49.html

Most read this week