မလေးရှားနိုင်ငံ ဆီလန်ဂေါမြို့၌ မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦး စီးနင်းလာသော ဆိုင်ကယ်က ရှေ့တွင်မောင်းနှင်နေသော ကားတစီးကို ဝင်တိုက်မိပြီး နောက်ထပ် ကားတစီးက ကြိတ်မိသဖြင့် နှစ်ဦးစလုံး သေဆုံးမှုဖြစ်သွားသည်။
မြို့တော်ကွာလာလမ်ပူ၏ အနောက်မြောက်ဘက် ၃၃ မိုင်အကွာရှိ ဆီလန်ဂေါမြို့တွင် သစ်စက်လုပ်သား မောင်သန်းဝင်းလှိုင် (၂၅ နှစ်) နှင့် မောင်ရှမ်းလျံမန်း Saiang Lian Mang (၁၈ နှစ်) သည် ဇွန် ၁၂ ရက်နေ့က ဆိုင်ကယ် စီးနင်းလာစဉ် ရှေ့မှ မောင်းနှင်နေသောကားကို ဝင်တိုက်မိပြီး ယာဉ်ကြောပြောင်းပြန် တဖက်လမ်းသို့ လွှင့်စင် သွားရာမှ အိမ်စီးကားတစီးက ဝင်တိုက်မိခြင်း ဖြစ်သည်။
“ သူငယ်ချင်းဆိုင်ကယ်နဲ့ ဖုန်းကဒ်ဝယ်ဖို့ နှစ်ယောက်သွားတယ်။ အရှေ့က ကားကို ဝင်တိုက်မိတယ်။ ဆိုင်ကယ်ရော လူရော တဖက်လမ်းမပေါ် လဲကျသွားတယ်။ အနောက် ကားက ခေါင်းကနေ ကြိတ်တယ်” ဟု သေဆုံးသူ မောင်ရှမ်းလျံမန်း၏ အကို သော့ခ်နိုင်လျံ Tawk Nei Lian က ပြောသည်။
မောင်ရှမ်းလျံမန်းသည် ယာဉ်တိုက်မှုတွင် ပွဲချင်းပြီး သေဆုံးသွားသည်။ မောင်သန်းဝင်းလှိုင်လည်း ဆေးရုံရောက်ပြီး ၁ နာရီအကြာတွင် သေဆုံးသွားသည်။
မောင်သန်းဝင်းလှိုင်သည် ပဲခူးတိုင်း လက်ပံတန်းမြို့နယ် လိန်ကုန်းကျေးရွာမှ ဦးလှရွှေနှင့် ဒေါ်ခင်ဝင်းတို့၏ သားဖြစ်ပြီး၊ မောင်ရှမ်းလျံမန်းမှာ စစ်ကိုင်းတိုင်း ကလေးမြို့နယ် Varpi ကျေးရွာမှ ဦးဘိုလ်လှဲထန်း Bual Hlei Thang နှင့် ဒေါ်ခွင်နိုတလွဲ Khuang Nawn Thluai တို့၏ သားဖြစ်သည်။
မောင်သန်းဝင်းနိုင်သည် လွန်ခဲ့သည့် ၄ နှစ်ခန့်ကတည်းက မလေးရှားတွင် လုပ်ကိုင်နေပြီး၊ မောင်ရှမ်းလျံမန်းသည် ယခုနှစ် ဖေဖော်ဝါရီလထဲတွင် ရောက်ရှိလာသူဖြစ်သည်။
သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းများကို ဆေးရုံရှိ အအေးခန်းတွင် ထားရှိဆဲဖြစ်သည်။