ပါတီစုစည်းမှု မပျက်သည့်အပေါ် ဒေါ်စု ဂုဏ်ယူ

ပါတီစုစည်းမှု မပျက်သည့်အပေါ် ဒေါ်စု ဂုဏ်ယူ
by -
ဆလိုင်း ဟံသာစန်း
ပါတီ ဖျက်သိမ်းခြင်းခံရပြီး အခက်အခဲ ကြံုနေရသော်လည်း ပါတီဝင်များအနေဖြင့် စုစည်းမှုမပျက် ဆက်လက် လုပ်ဆောင်နေသည့်အပေါ် ဝမ်းမြောက် ဂုဏ်ယူကြောင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ...

နယူးဒေလီ (မဇ္စျိမ)။      ။ ပါတီ ဖျက်သိမ်းခြင်းခံရပြီး အခက်အခဲ ကြံုနေရသော်လည်း ပါတီဝင်များအနေဖြင့် စုစည်းမှုမပျက် ဆက်လက် လုပ်ဆောင်နေသည့်အပေါ် ဝမ်းမြောက် ဂုဏ်ယူကြောင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်းဆန်းစုကြည်က ယနေ့ ပြောဆိုသည်။

နေအိမ်ခြံဝင်းးအတွင်းရှိ ယိုယွင်းပျက်စီးနေသော ပျဉ်ထောင်အိမ်ကို ဖျက်စီးပစ်ရန် စည်ပင်က ခွင့်မပြုသည့်ကိစ္စနှင့် ပက်သက်၍ တက္ကသိုလ်ရိပ်သာလမ်းရှိ သူမ၏နေအိမ်တွင် ရှေ့နေဖြစ်သူနှင့် တွေ့ဆုံခွင့်ရစဉ် ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အန်အယ်ဒီဟာ အခုလို ခက်ခဲတဲ့အချိန်မှာ လူငယ်တွေရော၊ အမျိုးသမီး အဖွဲ့တွေရော၊ အန်အယ်ဒီ အဖွဲ့ဝင်တွေရော ညီညီညွတ်ညွတ် လုပ်ကိုင်ဆောင်ရွက်နေတာကို တွေ့ရတဲ့အတွက် ဝမ်းသာဂုဏ်ယူတယ်လို့ ပြောပါတယ်” ဟု သူမ၏ ရှေ့နေ ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။

သူက ဆက်ပြီး ‘’လူငယ်တွေကို ပြုစုပျိုးထောင်ပေးရမယ်။ အဲလိုပျိုးထောင်ပေးဖို့အတွက် အစိုးရရော၊ နိုင်ငံရေးပါတီတွေရော၊ ပြည်သူတွေမှာပါ တာဝန်ရှိတယ်။ အဲဒီလို ပျိုးထောင်တဲ့နေရာမှာ ရဲဘော်ရဲဘက်စိတ် ရှိရမယ်၊ သဘောထားကြီးရမယ်တဲ့။ နောက်တခုက ပြည်သူတွေကို ဒီမိုကရေစီသဘောတရားကို နားလည်အောင် လုပ်ရမယ်။ နားလည်အောင်လုပ်ဖို့ ပြည်သူတွေမှာလည်း တာဝန်ရှိတယ်၊ ပါတီမှာလဲ တာဝန်ရှိတယ်တဲ့။ အဲလို ပြောပါတယ်’’ ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ ဦးဉာဏ်ဝင်း၊ အင်ဂျင်နီယာ ဦးခွန်သာမြင့်၊ အိမ်ပြင်ရေး ကိုယ်စားလှယ် ကိုထင်ကျော်တို့ ယနေ့ နေ့လည် ၁ နာရီမှ ၃ နာရီအထိ တွေ့ဆုံခွင့်ရခဲ့သည်။

ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်နေထိုင်သည့် ရန်ကုန်တိုင်း ဗဟနုးမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ အိမ်အမှတ် ၅၄ နှင့် ၅၆ နေအိမ်ခြံဝင်းတွင် အဆောက်အဦးအဖြစ် အိမ်မကြီး၊ ပျက်စီးနေသော ပျဉ်ထောင်အိမ်၊ ခြံပေါက်အဝင်ဝတွင် တဲတလုံးနှင့် အိမ်နောက်ဖေး ရေစပ်တွင် တဲတလုံး ရှိသည်။

ပျဉ်ထောင်အိမ်သည် အိမ်မကြီး၏ အရှေ့ဘက် ၂၅ ပေခန့် အကွာတွင် တည်ရှိပြီး အမှိုက်ပုံတခုကဲ့သို့ ချုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်းနေသည်။ ထိုအဆောက်အဦကို ဖြိုဖျက်ရန် စည်ပင်သာယာကိုလျှောက်ထားခဲ့ရာ ယခုလ ၄ ရက်နေ့က ခွင့်ပြုခဲ့သော်လည်း ၅ ရက်နေ့တွင် ခွင့်မပြုပါဟု ပြန်လည် အကြောင်းကြားခဲ့ကြောင်း သိရသည်။

“ဒါက အမွေမှုဖြစ်နေတယ်။ ဖျက်လိုက်လို့ရှိရင် အိမ်ပုံသဏ္ဍာန်ပျက်သွားမယ်လို့ အကြောင်းပြချက် ပေးပါတယ်။ ပျဉ်ထောင်အိမ်က ပြင်လို့မရတော့တဲ့ အခြေအနေရှိပါတယ်။ ဒါကို ဖျက်သိမ်းဖို့ စီစဉ်တာကို ခွင့်မပြုတာပါ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ထို့ကြောင့် လာမည့်အပတ်အတွင်း ရန်ကုန်မြို့တော်ဝန်ထံသို့ စာဖြင့် တင်ပြသွားမည်ဖြစ်သည်။

ထို့ပြင် ယခုလ ၁၉ ရက်နေ့တွင် ကျရောက်မည့် သူမ၏ ၆၅ နှစ်မြောက် မွေးနေ့ကို ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ၁ဝ မိုင်ကုန်းရှိ မိုးကုတ်မြို့နယ် အန်အယ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေနှင်းကြည်၏နေအိမ်တွင်ကျင်းပရန် ညွှန်ကြားလိုက်ကြောင်း အန်အယ်ဒီပါတီ၏ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်သူ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်အရ ကျနော်တို့ လက်လှမ်းမီသလောက် ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မရှိဆင်းရဲတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို စာအုပ်၊ ခဲတံ လှူဒါန်းဝေငှမယ့် အစီအစဉ်တွေလဲ လုပ်နေပါတယ်” ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်းအတွင်းသို့ မဖိတ်ခေါ်ဘဲ ဝင်ရောက်လာခဲ့သူ အမေရိကန် နိုင်ငံသား ဂျွန်ယက်တောကို လက်ခံထားမှုဖြင့် အင်းလျားကန်စောင်းရှိ နေအိမ်တွင် ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လ ကျခံနေရပြီး ၆၅ နှစ်မြောက် မွေးနေ့ကိုလည်း နေအိမ်အတွင်းမှ ဖြတ်သန်းရမည်ဖြစ်သည်။

ယမန်နှစ်ကလည်း ဂျွန်ယတ်တောကို လက်ခံထားမှုနှင့် ပက်သက်၍ တရားရင်ဆိုင်နေဆဲ ကာလဖြစ်သဖြင့် အင်းစိန်ထောင်အတွင်း သီးသန့် ဆောက်လုပ်ထားသော အထူးဆောင် အတွင်း၌ပင် သူမ၏ ၆၄ နှစ်မြောက်မွေးနေ့ကို ဖြတ်သန်းခဲ့ရသည်။

Most read this week