နျူကလီးယားလက်နက် မကြိုးပမ်းဟု စစ်အစိုးရတုံ့ပြန်

နျူကလီးယားလက်နက် မကြိုးပမ်းဟု စစ်အစိုးရတုံ့ပြန်
မြန်မာနိုင်ငံသည် နျူကလီးယားလက်နက် ထုတ်လုပ်ရန် ကြိုးပမ်းမှုမရှိကြောင်းဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ညတွင် သတင်းထုတ်ပြန်လိုက်သည်။ ...

ချင်းမိုင် (မဇ္ဈိမ)။     ။ မြန်မာနိုင်ငံသည် နျူကလီးယားလက်နက် ထုတ်လုပ်ရန် ကြိုးပမ်းမှုမရှိကြောင်းဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ညတွင် သတင်းထုတ်ပြန်လိုက်သည်။

နိုင်ငံပိုင် ရုပ်မြင်သံကြားမှတဆင့် သောကြာနေ့ည ၈ နာရီသတင်းထုတ်ပြန်ချက်တွင် ” နျူကလီးယားလက်နက် ပိုင်ဆိုင်သော စစ်အင်အားကြီးနိုင်ငံအဖြစ် ရည်ရွယ်ချက်မရှိ” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်ကို ဖတ်ကြားသွားသည်။

မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံ၏ အကူအညီဖြင့် နျူကလီးယားရရှိရေး ဆောင်ရွက်နေသည်ဟု ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းဌာန (DVB) က သတင်းထုတ်ပြန်မှုများကြောင့် အမေရိကန်ပြည်ထောင်စု ဆီနိတ်တာ အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝဘ်က သူ၏ မြန်မာနိုင်ငံ ခရီးစဉ်ကို ရုတ်တရက် ဆိုင်းငံ့ထားခဲ့မှုဖြစ်ပေါ်ပြီးနောက် စစ်အစိုးရက ပထမဆုံးအကြိမ် တု့ံပြန်လိုက်ခြင်းဖြစ်သည်။

DVB မှ ရရှိခဲ့သော စွပ်စွဲချက်နှင့် ပတ်သက်သည့် အထောက်အထားများကို အယ်လ်ဂျာဇီးယား သတင်းဌာနနှင့် ABC သတင်းကွန်ယက်မှ ထပ်ဆင့်ထုတ်လွှင့်ခဲ့သည်။

သတင်းများတွင် ပြည်ပသို့ တိမ်းရှောင်လာသော စစ်ဘက်ပညာရှင် ဗိုလ်မှူးစိုင်းသိန်းဝင်းက သူယူဆောင်လာခဲ့သော စစ်အစိုးရ၏ နျူကလီးယားနှင့် ဒုံးလက်နက်ပိုင်ဆိုင်ရေးကြိုးပမ်းမှု စာရွက်စာတမ်းအထောက်အထားများကိုပါ တင်ပြပြီး ဖွင့်ဟထုတ်ဖော်မှုများပါရှိသည်။

” အခြေအမြစ်မရှိသည့် စွပ်စွဲချက်များသာ” ဖြစ်ပြီး ” နိုင်ငံရေး ထိုးနှက်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းသာ” ဖြစ်သည်ဟု မဇ္ဈိမက သီးခြားလက်ခံရရှိသော နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

နျူကလီးယားလက်နက် ပိုင်ဆိုင်ရန် မြန်မာစစ်အစိုးရက ကြိုးပမ်းနေသည်ဟူသော စွပ်စွဲချက်များ အစောကတည်းက ထွက်ခဲ့သော်လည်း တုံ့ပြန်ရှင်းလင်းရန် စိတ်ကူးမရှိခဲ့ရာက အမေရိကန်အစိုးရ ကိုယ်စားလှယ်၏ ခရီးစဉ်ပျက်ပြားမှုကြောင့်သာ ရှင်းလင်းရခြင်းဖြစ်ကြောင်းလည်း ပါရှိသည်။

” မြန်မာနိုင်ငံ၏အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေရန် ဆောင်ရွက်နေသည့် လူပုဂ္ဂိုလ်များနှင့် သတင်းမီဒီယာဌာနများမှ ထုတ်လွှင့်မှုများဖြစ်ခြင်း၊ တပ်ပြေးအချို့နှင့်ဝရမ်းပြေး ပြည်ပြေးအချို့၏ စွပ်စွဲပြောကြားချက် ဇစ်မြစ်တခုထဲအပေါ် အခြေခံထားသည်” ဟုဆိုကာ မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် လုံးဝကွာခြားလွန်းသော ကိစ္စဖြစ်၍ တုံ့ပြန်ရှင်းလင်းရန် လိုအပေ်ခြင်းမရှိဟု ယူဆခဲ့ကြောင်းလည်း ပါရှိသည်။

ရုရှားပြန် ဗိုလ်မှူးစိုင်းသိန်းဝင်းသည် မော်စကိုနည်းပညာတက္ကသိုလ်မှ ဒုံးပျံအင်ဂျင် အထူးပြု ဘာသာရပ်နှင့် ဘွဲ့ရရှိခဲ့သူ ဖြစ်သည်။