လူမျိုးရေး မခွဲခြားရန် ဒုက္ခသည်ရုံးကို ဆန္ဒပြ

လူမျိုးရေး မခွဲခြားရန် ဒုက္ခသည်ရုံးကို ဆန္ဒပြ
by -
ခိုင်စု
မလေးရှားရောက် ရခိုင်လူမျိုး ဦးရေ ၅ဝ ကျော်သည်် လူမျိုးရေး ခွဲခြားဆက်ဆံခြင်း မပြုဘဲ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရန်အတွက် မြို့တော်ကွာလာလမ်ပူရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR သို့ ယမန်နေ့ နံနက်ပိုင်းတွင် သွားရောက်ဆန္ဒပြ...

မလေးရှားရောက် ရခိုင်လူမျိုး ဦးရေ ၅ဝ ကျော်သည်် လူမျိုးရေး ခွဲခြားဆက်ဆံခြင်း မပြုဘဲ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရန်အတွက် မြို့တော်ကွာလာလမ်ပူရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR သို့ ယမန်နေ့ နံနက်ပိုင်းတွင် သွားရောက်ဆန္ဒပြခဲ့သည်။

မလေးရှားရောက် ရခိုင်ဒုက္ခသည်များအား UNHCR က အသိအမှတ်ပြု ကူညီစောင့်ရှောက်ရန်၊ မလေးရှား အကျဉ်းထောင်နှင့် ထိန်းသိမ်းရေး စခန်းများရှိ အထိန်းသိမ်းခံ ရခိုင်များအား UNHCR က ကူညီဖြေရှင်းပေးရန်နှင့် UNHCR ရုံးတွင် ရခိုင်ဘာသာပြန် ထားရှိရန်ဟူသည့် အချက် ၃ ချက်ကို ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။

“ကျန်တဲ့ တိုင်းရင်းသားတွေကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုတယ်။ UN က ခွဲခြားဆက်ဆံလို့  ဆန္ဒသွားပြကြတာ။ ပြီးတော့ ထောင်တွေနဲ့ camp တွေမှာဆိုလည်း UN က မကြည့်ပေးဘူးဗျ။ လာကြည့်ရင် ရခိုင်ဆိုရင် ချန်ထားခဲ့တယ်။ ကျန်တဲ့ လူမျိုးဆိုရင် pass  ပေးလိုက်တယ်။ နောက်တချက်က ကျနော်တို့ ရခိုင်လူမျိုး ဘာသာပြန် လျှောက်တော့လည်း မခန့်ဘူးဗျာ။ အဲဒီအတွက် ကျနော်တို့ ကိုယ့်စကားနဲ့ ဘာသာမပြန်ရတဲ့အတွက် လိုရင်းမရောက်တာတွေ ရှိတယ်” ဟု ဆန္ဒပြပွဲ ဖြစ်မြောက်ရေး ဦးဆောင်လှုပ်ရှားသူ တဦးဖြစ်သည့် ကိုမင်းမင်းထွန်းက မဇ္ဈိမကို ပြောသည်။

တောင်းဆိုချက် ၃ ချက် ရေးသားထားသည့် ပေးစာကို UNHCR ရုံး တာဝန်ရှိသူတဦးက လက်ခံရယူကာ ၎င်းတို့ရုံးအနေဖြင့် စဉ်းစားပေးမည်ဟု ပြောဆိုသွားခဲ့သည်။

ပြီးခဲ့သည့် ၂ဝဝ၄ ခုနှစ်မှ ၂ဝဝ၈ ခုနှစ် ဇူလိုင်လအတွင်း UNHCR က ရခိုင်များကိုပါ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခဲ့ရာမှ  ထိုနောက်ပိုင်းတွင် ဒုက္ခသည်လျှောက်ထားခွင့်ပင် မရတော့ကြောင်းနှင့် မလေးရှားတွင် UNHCR ၏ စောင့်ရှောက်မှုကို ခံယူလိုသူ ရခိုင်လူမျိုး ၁ သောင်းကျော်ရှိကြောင်း ဆန္ဒပြသူများထံမှ သိရှိရသည်။

မလေးရှားတွင် ရခိုင် ဦးရေ ၁၅ဝဝဝ ခန့်ရှိရာ ၁၇ဝဝ ခန့်သာ UNHCR အသိအမှတ်ပြု လက်မှတ်ရရှိထားပြီး၊ ၅ဝဝ ခန့်မှာ ယာယီလက်မှတ် ကိုင်ဆောင်ထားကြောင်းနှင့် ၂၅ဝ ခန့်မှာ  တတိယနိုင်ငံသို့ အခြေချခဲ့ပြီဖြစ်ကြောင်း ရခိုင် ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီထံမှ သိရသည်။ ထို့အပြင် တနိုင်ငံလုံးရှိ ထိန်းသိမ်းရေးစခန်း ၁၁ ခုတွင် အထိန်းသိမ်းခံနေရသူ ရခိုင်လူမျိုး ဦးရေ ၃ဝဝ ကျော်ရှိကြောင်း သိရသည်။

မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (မလေးရှား) ပြောရေးဆိုခွင့်ရှိသူ ကိုထွန်းဝင်းညွန့်က “ကျနော်တို့ ဗမာရယ်၊ ရခိုင်တွေရယ်ကို UN က ခွဲခြားဆက်ဆံတယ်။ မြန်မာပြည်က လာတဲ့ ကျန်တဲ့ တိုင်းရင်းသားတွေကိုတော့ အသိအမှတ်ပြုတယ်။ ကျနော်တို့ကျတော့ လျှောက်လွှာတောင် တင်ခွင့်မရဘူး။ ဘာဖြစ်လို့ ကျနော်တို့ကို အသိအမှတ် မပြုတာလဲလို့ UN ကို မေးတော့ မင်းတို့က ဗမာလူမျိုးဖြစ်လို့ passport (နိုင်ငံကူးလက်မှတ်) ရှိတယ်၊ ပြန်လို့ရတယ် ဆိုတာလောက်ပဲ ယေဘုယျဆန်ဆန် ဖြေတယ်’’ ဟု မဇ္စျိမကို ပြောသည်။

ချင်းဒုက္ခသည်များ ကော်မတီ (မလေးရှား) မှ ပြောရေးဆိုခွင့်ရှိသူ တဦးကလည်း “မြန်မာနိုင်ငံက တိုင်းရင်းသားတွေကို အသိအမှတ်ပြုကဒ် ထုတ်ပေးတဲ့နေရာမှာ ဗမာနဲ့ ရခိုင်တွေ မပါတော့တာ သတိထားမိတယ်။ အဲဒါ ဘာကြောင့်လဲတော့ ကျနော် မသိဘူး” ဟု ပြောသည်။

မလေးရှား UNHCR ရုံးသို့ မဇ္စျိမက ဆက်သွယ်မေးမြန်းခဲ့ရာ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Yante Ismail က ၎င်းအနေဖြင့် အသေးစိတ် အခြေအနေကို မသိရှိသဖြင့် ပြောဆိုရန် ငြင်းဆိုခဲ့သည်။

ယခုနှစ် ဧပြီလကုန်အထိ မလေးရှား UNHCR သို့ ဒုက္ခသည်အဖြစ် လျှောက်ထားသူနှင့် အသိအမှတ်ပြုခံရပြီးသူ စုစုပေါင်း ၈၇၇ဝဝ ဦးရေ ရှိသည့်အနက် မြန်မာ နိုင်ငံသားမှာ ၈၁၂ဝဝ ရှိသည့်အထဲတွင် ချင်း (၃၉၁ဝဝ)၊ ရိုဟင်ဂျာ (၁၈၈ဝဝ)၊ မြန်မာမူဆလင် (၅၉ဝဝ)၊ မွန် (၃၈ဝဝ)၊ ကချင် (၃၆ဝဝ) နှင့် အခြားလူနည်းစုများဖြစ်ကြောင်း UNHCR (မလေးရှား) ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

ကျန်အရေအတွက်များမှာ သီရိလင်္ကာ၊ ဆိုမားလီး၊ အီရတ်နှင့် အာဖဂန်နစ္စတန်မှ ဖြစ်သည်။ ဒုက္ခသည်နှင့် လျှောက်ထားဆဲ အားလုံး၏ ရဝ ရာခိုင်နှုန်းသည် အမျိုးသားများ ဖြစ်ပြီး၊ ၃ဝ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်သည်။ အသက် ၁၈ နှစ် အရေအတွက်မှာ ၁၉ဝဝဝ ပင် ရှိသည်။

မလေးရှားသည် ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာ သဘောတူစာချက်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသော နိုင်ငံဖြစ်သည်။

ထို့ကြောင့် UNHCR ဒုက္ခသည်လက်မှတ် ရရှိထားသူများ၊ ခိုလှုံခွင့် လျှောက်ထားသူများနှင့် နိုင်ငံမဲ့များအား တရားမဝင် ကူးပြောင်းလာသူများအဖြစ် သတ်မှတ်ကာ ဖမ်းဆီး ထောင်ချလေ့ရှိသည်။ တရားမဝင် အလုပ်သမားများကိုလည်း ငွေဒဏ်နှင့် ထောင်ဒဏ်များ ချမှတ်လေ့ရှိသည်။

ကွာလာလမ်ပူတွင် တရားမဝင် အလုပ်သမားအဖြစ် နေထိုင်သူ မြန်မာနိုင်ငံသားတဦးက “ကျနော်တို့က ရဲဖမ်းမခံရအောင် သူများ passport ကို ကပ်ခွာလုပ်ပြီး နေတယ်လေ။ UN ကလည်း အသိအမှတ်မပြု၊ သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ ကဒ်နဲ့လည်း မရဘူး။ ဖမ်းတာပဲ” ဟု ပြောသည်။

လယ်ယာမြေသိမ်းပိုက်ခြင်း၊ လုပ်အားပေးခိုင်းစေခြင်း၊ စစ်မက်ဖြစ်ပွားခြင်းနှင့် စီးပွားရေးကျပ်တည်းခြင်းတို့ကြောင့် မြန်မာနိုင်ငံသား သိန်းပေါင်းများစွာသည် အိမ်နီးချင်း နိုင်ငံများသာမက မလေးရှားသို့ပါ သွားရောက်ကာ ဒုက္ခသည်အဖြစ် လျှောက်ထားခြင်းနှင့် အလုပ်လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

Most read this week