နယူးဒေလီ (မဇ္စျိမ)။ ။ ပဥ္စမအကြိမ်မြောက် ရွှေအမြုတေ စာပေဆုပေးပွဲကို ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ်တွင် ယခုလ ၂၈ ရက်နေ့က ကျင်းပရာ စာရေးဆရာ ၆ ဦးအား ဆုများ ချီးမြှင့်ခဲ့သည်။
ကဗျာ၊ ဆောင်းပါး၊ ရသစာတမ်း၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ မျိုးဆက်သစ် ဝတ္ထုတို (ကလောင်သစ်)၊ အခန်းဆက် ဝတ္ထုရှည်ဆု စုစုပေါင်း ရ ဆု သတ်မှတ်သော်လည်း ယခုနှစ် အခန်းဆက် ဝတ္ထုရှည်ဆုမှာ ဆုပေးနိုင်ရေးအတွက် ဘောင်မဝင်သဖြင့် ၆ မျိုးသာ ပေးနိုင်ခဲ့သည်။
၂ဝ၁ဝ ဖေဖော်ဝါရီလထုတ် ပိတောက်ပွင့်သစ် မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော “နွေဦး” ကဗျာဖြင့် ကဗျာဆရာ မောင်လင်းရိပ်၊ ဝတ္တုတိုဆုအဖြစ် ၂ဝဝ၉ သြဂုတ်လထုတ် ရွှေအမြုတေ မဂ္ဂဇင်းမှ “သောကြာတောမှ ဗေဒါ” ဝတ္တုဖြင့် ဆရာမ လဲ့ဝန်းကြည်ချို၊ ရသစာတမ်းဆုကို ၂ဝ၁ဝ ဖေဖော်ဝါရီလထုတ် စတိုင်သစ် မဂ္ဂဇင်းမှ “ကျနော်နှင့် အလှူခံများ” ရေးသားသူ ဆရာနောင်ကျော်တို့ ဆုရရှိသည်။
ထို့အပြင် မျိုးဆက်သစ်စာပေဆုအဖြစ် ၂ဝဝ၉ အောက်တိုဘာလထုတ် ရွှေအမြုတေမဂ္ဂဇင်းမှ “ဆန်သူခိုး” ဝတ္တုဖြင့် ဆရာမငွေကြည်စင်၊ ဆောင်းပါးဆုကို ၂ဝဝ၉ နိုဝင်ဘာလထုတ် ရနံံ့သစ်မဂ္ဂဇင်းမှ “ပုံနှိပ်ကြေးရုပ်များ” ရေးသားသူ ဆရာငြိမ်းသစ်၊ ဝတ္တုရှည်ဆုအဖြစ် ၂ဝ၁ဝ ဧပြီလထုတ် ရွှေအမြုတေ မဂ္ဂဇင်းမှ “အပေါင်းသည်လည်းကောင်း၊ အနုတ်သည်လည်းကောင်း” ရေးသားသူ ဆရာသင်းရီတို့ ရရှိသည်။ ဆုကြေးငွေအဖြစ် တဦးလျှင် ကျပ် ၅ သိန်းခွဲမှ ရ သိန်းခွဲအထိ ချီးမြှင့်သည််။
ဆုရွေးချယ်နိုင်ရန် လစဉ်ထုတ် မဂ္ဂဇင်းများကို ဖတ်ရှုကာ ကော်မတီဝင် ၆ ဦးက ရွေးချယ်ခဲ့ရာ စာမူပေါင်း ၁ဝဝဝ ကျော်ထဲမှ ၆ ဆုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ဆုရွေးချယ်ရေး ကော်မတီဝင်ဖြစ်သူ အလင်းတန်းဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးမျိုးမြင့်ညိမ်းက မဇ္ဈိမကို ပြောသည်။
ဆုရွေးချယ်ရေး ကော်မတီကို နှစ်စဉ် အသစ်ဖွဲ့စည်းပြီး ဆုရွေးချယ်ရေး ကော်မတီဝင်များ၏ စာမူများကို ရွေးချယ်လေ့မရှိပါ။ ယခုနှစ် ဆုရွေးချယ်ရေး ကော်မတီဝင်များအဖြစ် အယ်ဒီတာချုပ် ဦးဝင်းငြိမ်းနှင့် စာရေးဆရာများဖြစ်သည့် ထက်မြက်၊ မောင်ခိုင်လတ်၊ မင်းချမ်းမွန်၊ တင့်ခိုင်နှင့် မျိုးမြင့်ညိိမ်းတို့ ဖြစ်သည်။
“ကျနော်တို့ ရွေးချယ်ရေးအဖွဲ့ဝင်တွေက လစဉ်ထုတ်သမျှ မဂ္ဂဇင်းတွေကို ဖတ်ပြီး တလတခါ စုဝေးဆွေးနွေးပြီး ရွေးချယ်တင်ပြလေ့ ရှိပါတယ််။ ဆုရွေးချယ်ရေးကော်မတီမှာ ပါတဲ့လူရဲ့စာမူကို ဆုမပေးတဲ့ အတွက် သူတို့တွေလည်း အခွင့်အရေးတခုရအောင် အလှည့်ပေးပြီး ပြန်လည်ဖွဲ့စည်းတာပါ” ဟု ဦးမျိုးမြင့်ညိမ်းက ပြောသည်။
ရွှေအမြုတေ မဂ္ဂဇင်း အယ်ဒီတာချုပ်နှင့် စာပေဆု တည်ထောင်သူ ဦးဝင်းငြိမ်း၏ အသက် ၆ဝ ပြည့် မွေးနေ့မှ စတင်ကာ အထိမ်းအမှတ်အဖြစ် ၂ဝဝ၆ ခုနှစ် မေလ ၂၈ ရက်နေ့မှ စတင်၍ နှစ်စဉ်နှစ်တိုင်း ရွှေအမြုတေ စာပေဆု ချီးမြှင့်လာခဲ့သည်။
ဆုရွေးချယ်ရေးရာတွင် ကော်မတီဝင်များ အကြိုက်ချင်းတူသည့် စာမူများလည်း ရှိသည်။ ယခုနှစ်အတွက် ဆု ၆ ဆုအနက် ၃ ဆုကို အငြင်းပွားစရာမရှိ ရွေးချယ်နိုင်ခဲ့ကြောင်းနှင့် ခေတ်ပြိုင်ခံစားမှုကို ပေးနိုင်သော၊ အနုပညာမြောက်သော၊ နည်းပညာပါသော ရေးသားနည်း၊ ဆုပေးထိုက်သော အရည်အချင်းရှိခြင်း စသည့် အခြခံမူများအပေါ် မူတည်၍ စာမူများကို ရွေးချယ်ကာ ဆုပေးခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနှစ်မှာဆိုရင် သဒ္ဒါမစင်တာ တွေ့ရတယ်။ စာရေးတဲ့အခါ စကားပြေ သို့မဟုတ် စကားပြောရေးဟန်ဆိုတာ ရှိတယ်။ ရသပိုင်းမှာ ကောင်းပြီး၊ သဒ္ဒါပိုင်းမှာ အသုံးအနှုန်းမှားနေလို့ ပယ်လိုက်ရတာတွေ ရှိတယ်။ မိုးပျံနေအောင် ကောင်းပေမယ့် သဒ္ဒါမမှန်ရင် ပေးလို့မရဘူး” ဟု ဦးမျိုးမြင့်ညိမ်းက ပြောသည်။
မြန်မာနိုင်ငံတွင် စာပေဗိမန်စာမူဆု၊ ထွန်းဖောင်ဒေးရှင်း စာပေဆု၊ သုတစွယ်စုံ စာပေဆုနှင့် အခြားစာပေဆုများစွာ ရှိကြရာ စာပေလောကအတွင်း၌ ရွှေအမြုတေစာပေဆုမှာ လွတ်လပ်မှုရှိသည်ဟု နာမည်ကြီးထင်ရှားသည်။