ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံဖြန့်ဝေ၍ ထောင်ကျနေသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် လူငယ်တဦးကို နောက်ထပ် ထောင်ဒဏ် ၁ဝ နှစ် ထပ်မံတိုးလိုက်ရာ စုစုပေါင်း ၁၄ နှစ်ခွဲ ဖြစ်သွားသည်။
တာမွေမြို့နယ်ရှိ အရှေ့ပိုင်းခရိုင် တရားရုံးက တာမွေမြို့နယ် လူငယ်တာဝန်ခံ ကိုကျော်မိုးနိုင် ခေါ် ကိုကျော်ကြီးကို အီလက်ထရောနစ် အက်ဥပဒေဖြင့် ထောင်ဒဏ် ၁ဝ နှစ် ယမန်နေ့က ချမှတ်လိုက်သည်။
အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃၃(ခ)ဟူသည် နိုင်ငံတော် တည်ငြိမ်လုံခြံုရေးကို ထိခိုက်စေနိုင်သော သတင်းအချက်အလက်များကို အင်တာနက်မှတဆင့် ပေးပို့ဖြန့်ချီမှုဖြစ်ကာ ဒီမိုကရေစီလိုလားသော အတိုက်အခံများကို ထောင်ချရာတွင် စစ်အစိုးရက တွင်တွင်ကျယ်ကျယ် အသုံးပြုလာသော ဥပဒေ ဖြစ်သည်။
မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ရှိသည့်အနက် ”၂ဝဝ၅ ခုနှစ်နောက်ပိုင်း နှစ်ရှည်ထောင်ဒဏ် ချခံရသူ အကုန်လုံးလို” မှာ အီလက်ထရောနစ် အက်ဥပဒေဖြင့် စွဲဆို ထောင်ချခံရသည်ဟု ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ) မှ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။
“တရားသူကြီးဖတ်ပြတာက အီးမေးကို အသုံးပြုပြီးတော့ တဖက်က တရားမဝင် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး သတင်းပို့တယ်ဆိုပြီးတော့ ပြောတယ်” ဟု တရားခွင်သို့ တက်ရောက်နားထောင်ခဲ့သော ကိုမျိုးသန်းထက်က ပြောသည်။ သို့သော်လည်း မည်သည့်အဖွဲ့အစည်းများ ဖြစ်သည်ကို တရားသူကြီးက ရည်ညွှန်းသွားခြင်းမရှိဟု သိရသည်။
ကိုကျော်မိုးနိုင်နှင့် ပါတီလုပ်ဖော်ကိုင်ဖက် ကိုအောင်အောင် ခေါ် ကိုအောင်အောင်ဦး၊ ကိုကျော်ဝင်းထွန်း ခေါ် ကိုဘိုထွန်းတို့က အတိုက်အခံ ခေါင်းဆောင်၏ ဓာတ်ပုံများ လမ်းသွားလမ်းလာများအား ရန်ကုန်မြို့ တာမွေအဝိုင်းအနီး ယခင်နှစ် ဇွန်လ ၁၂ ရက်နေ့က ဖြန့်ချီနေစဉ် ရဲက ဖမ်းဆီးခဲ့သည်။
ကိုကျော်မျိုးနိုင်ကို နိုင်ငံတော် ဆူပူစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ၂ နှစ် နှင့်တရားမဝင်အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုဖြင့် ၂ နှစ်ခွဲချထားရာ အင်းစိန်ထောင်တွင် ရှိနေသည်။ ကျန် ၂ ဦးမှာလည်း နိုင်ငံတော်ဆူပူစေရန် လှု့ံဆော်မှုဖြင့် ထောင်ဒဏ် ၂ နှစ်စီ ချခံရသည်။
လူငယ်များဖမ်းဆီးခံရချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ သူမ၏ နေအိမ်သို့ မဖိတ်ခေါ်ဘဲ ခိုးဝင်လာသော အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံ ယက်တောကို ဧည့်ခံမှုဖြင့် အင်းစိန်ထောင်တွင်း တရားရင်ဆိုင်နေရသည့် အချိန်ဖြစ်သည်။