ပြည်သူ့စစ်အသွင်ပြောင်းမည့် စစ်အစိုးရ၏ အစီအစဉ်ကို ငြင်းဆိုထားသည့် အပစ်ရပ် မွန်ပြည်သစ်ပါတီမှ ထိပ်ပိုင်းခေါင်းဆောင် ၃ ဦး ယခု ၁၈ ရက်နေ့က နှုတ်ထွက်သွားပြီဖြစ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် နိုင်ချေးမွန်က ပြောသည်။
မွန်ပြည်သစ်ပါတီတွင် ဆက်လက်လုပ်ကိုလိုခြင်း မရှိသဖြင့် ထွက်ခွင့်ပြုရန် လျှောက်ထားသဖြင့် တွဲဘက် အတွင်းရေးမှူး နိုင်ချမ်းတွဲ့၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် နိုင်တင်လနှင့် နိုင်ခိုစပ်တို့ကို တရားဝင် နှုတ်ထွက်ခွင့် ပြုလိုက်သည်ဟု သိရသည်။
နိုင်တင်လသည် ပါတီအတွင်း ၂၅ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ချမ်းတွဲ့နှင့် နိုင်ခိုစပ်တို့သည် နှစ် ၃၀ ခန့်ကြာ မွန်ပြည်သစ်ပါတီတွင် တာဝန်ထမ်းဆောင်ခဲ့သည်။
“ တော်လှန်ရေး နှစ်ကလည်း ကြာလာတော့ အပြောင်းအလဲ လုပ်ချင်တာလဲ ဖြစ်မှာပေါ့” ဟု နိုင်ချေးမွန်က ပြောသည်။
မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရအကြား ဆက်ဆံရေးကတော့ တင်းမာလျှက်ရှိပြီး စစ်ရေးအရ နှစ်ဘက် အသင့်အနေအထား ဖြစ်နေသည်ဟု သူက ပြောသည်။
နှုတ်ထွက်သွားသူများသည် မွန်တိုင်းရင်းသား ပါတီသစ်တခုဖြစ်သော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ All Mon Region Democracy Party (AMRDP) ကို အားပေးကူညီဆောင်ရွက်ဖွယ်ရှိသည်ဟု မွန်ပြည်သစ်က ခန့်မှန်းထားသည်။ AMRDP သည် ယခုလ ၂၄ ရက်နေ့ တွင် ပါတီ မှတ်ပုံတင်ခွင့် ရပြီဖြစ်သည်။
AMRDP ပါတီတွင် အဖွဲ့ဝင် ကိုယ်စားလှယ်လောင်း ၅၃ ဦးလျာထားပြီး မွန်ပြည်နယ်ပညာရေးမှူး (ငြိမ်း) နိုင်ငွေသိန်းက ဦးဆောင်သည်။
မော်လမြိုင်မြို့အခြေစိုက် AMRDP သည် မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီနှင့် ကရင်ပြည်နယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ် ထားကြောင်း နိုင်ငွေသိန်းကို ကိုးကား၍ ထိုင်းအခြေစိုက် Kaowao ကောင်းဝါ မွန်သတင်းဌာနက ရေးသားထားသည်။