ရွေးကောက်ပွဲ သပိတ်မှောက်ရန် သံဃာနှင့် ကျောင်းသားများ တိုက်တွန်း

ရွေးကောက်ပွဲ သပိတ်မှောက်ရန် သံဃာနှင့် ကျောင်းသားများ တိုက်တွန်း
by -
ကျော်ခ
၂ဝ၁ဝ ရွေးကောက်ပွဲကို မဲမထည့်ဘဲ ဆန့်ကျင်သပိတ်မှောက်ကြရန် မြန်မာပြည်တွင်း လျှို့ဝှက်စွာ လှုပ်ရှားနေသော သံဃာနှင့် ကျောင်းသား အဖွဲ့များက ယနေ့ တိုက်တွန်း....

၂ဝ၁ဝ ရွေးကောက်ပွဲကို မဲမထည့်ဘဲ ဆန့်ကျင်သပိတ်မှောက်ကြရန် မြန်မာပြည်တွင်း လျှို့ဝှက်စွာ လှုပ်ရှားနေသော သံဃာနှင့် ကျောင်းသား အဖွဲ့များက ယနေ့ တိုက်တွန်းလိုက်သည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်သွင်းမည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို မဲသွားမပေးရန်နှင့် အတင်းအကျပ် ထည့်ခို်င်းပါက ပယ်မဲအဖြစ် ဖန်တီးပြီး ထည့်သွားကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်တို့၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲ ဥပဒေတွင် မဲပေးပိုင်ခွင့်ရှိသူ အားလုံး၏  ၅၁ ရာခိုင်နှုန်းက ဆန္ဒမဲပေးလျှင် အထမြောက်သော ရွေးကောက်ပွဲဟု သတ်မှတ် ထားသည်။

“ဒီရွေးကောက်ပွဲမှာ ပျက်ကွက်မဲ အရေအတွက်နဲ့ ပယ်မဲအရေအတွက်တွေ များလာအောင် မဲမထည့်ရ ဆိုတဲ့နည်းနဲ့၊ နအဖ စစ်အစိုးရကို ကျနော်တို့ တိုင်းပြည်မှာရော၊ နိုင်ငံတကာမှာရော တရားဝင်မှု မဖြစ်အောင်” ဟု ပုန်းအောင်းတိမ်းရှောင်နေသော ၈၈ ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့် အောင်က မဇ္စျိမကို ပြောသည်။

အမြို့မြို့အနယ်နယ်တိုင်းတွင်ရှိသည့် ကျောင်းသားလူငယ်၊  ရဟန်းသံဃာတို့နှင့် ပူးတွဲကာ ရွေးကောက်ပွဲဆန့်ကျင်ရန် တိုက်တွန်းထားသော စာရွက်စာတမ်း၊ စီဒီတို့ ဖြင့် လူထုအကြား လျှို့ဝှက်စွာ ဖြန့်ကျက်လှုံ့ဆော်သွားနိုင်ရန် အစီအစီစဉ်များ ပြုလုပ်နေလျက်ရှိသည်ဟု သူက ပြောသည်။

လူဦးရေမှာ ၅၇ သန်းကျော်အနက် မဲပေးနိုင်ခွင့်ရှိသူ ဦးရေမှာ ၂၇ သန်းကျော်ဖြစ်မည်ဟု ခန့်မှန်းရသည်။

စစ်အစိုးရက ပြုလုပ်တော့မည့် ၂ဝ၁ဝ ရွေးကောက်ပွဲအား အောက်တိုဘာလ သို့မဟုတ် နိုဝင်္ဘာလတွင် ပြုလုပ်နိုင်ဖွယ်ရှိကြောင်း  အကဲခတ်များက သုံးသပ်ထားကြသည်။

စစ်အစိုးရ ထုတ်ပြန်ထားသည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များတွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အလိုအလျောက် ပါဝင်ခွင့်ပြုထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသား ပါတီများကလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးသာ ဦးစွာလိုလားပြီး ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ငြင်းဆိုထားသည်။     

ဗကသ ပြောရေးဆိုခွင့်ရှိသူ ကိုဇာနည်က “ဒီ သပိတ်က ဘယ်လောက်အတိုင်းအတာအထိ ထိရောက်မှု ရှိမရှိဆိုတာက ကျနော်တို့ရဲ့ လုပ်ဆောင် မှုနဲ့ လူထုရဲ့ လိုက်ပါနိုင်မှုအပေါ်မှာလည်း မူတည်ပါတယ်” ဟု ပြောသည်။

ဝန်ကြီးချုပ် ဦးဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း နိုင်ငံအဝှန်း မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်လိမ့်မည်ဟု ဝေဖန်သူများက ခန့်မှန်းထားကြသည်။

ကြံ့ဖွံ့အသင်းတွင် အင်အား ၂၄ သန်းကျော်ရှိသည်ဟု အစိုးရက ထုတ်ပြန်ခဲ့သော်လည်း ကြံ့ဖွံ့ပါတီ၏ အင်အားကိုမူ ကြေညာခြင်း မရှိပါ။

“တကယ်တမ်း ရွေးကောက်ပွဲ ဖြစ်လာတဲ့ အချိန်ကျရင် သူတို့မျှော်မှန်းထားသလောက် မရဘူးဆိုတာကို ဦးဇင်းတို့ ရဲရဲကြီး ပြောရဲပါတယ်” ဟု သံဃာ့တပ်ပေါင်းစု ပြောရေးဆိုခွင့်ရှိသူ ဦးသြဘာသက မဇ္စျိမကို မိန့်ကြားသည်။  

၂ဝ၁ဝ ရွေးကောက်ပွဲကို ပျက်ပြယ်သွားသည်အထိ ကြိုးစားလုပ်ဆောင်သွားမည်ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

ရွေးကောက်ပွဲကာလတွင် မဲရုံသို့ ၅ဝ % ကျော် မဲလာမပေးလျှင် စိတ်ဝင်စားစရာ ရွေးကောက်ပွဲတခု ဖြစ်သွားနိုင်ကြောင်း ပြည်ပအတိုက်အခံ တပ်ပေါင်းစုတခုဖြစ်သော မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု FDB မှ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ပြောသည်။

“ကိုယ်မကြိုက်ဘူးဆိုရင် ကိုယ့်မကြိုက်တာကို ပြောရဲဖို့က အဓိကကျတယ်။ အဲဒါမှာ သူ့ဘာသာ လိမ်ညာတာက သူ့ကိစ္စ။ အထဲမှာရှိတဲ့ ပြည်သူ တွေက နေပြီးတော့ ကိုယ်က မဲမပေးရုံတင်မကဘဲနဲ့ ကိုယ်မဲမပေးတဲ့ ကိစ္စတွေကို သိအောင်လုပ်ဖို့ လိုတယ်။ မဲမပေးခင်ကတည်းကကို ကြိုတင်ဖော်ထုတ်ပြနိုင်ဖို့ လိုတယ်။ မဲစာရင်း ထွက်လာတဲ့ အခါကျရင် ငါတို့မဲတွေပါ ပါပြီးတော့ ညာတယ်ဆိုတာမျိုး ဖြစ်မလာအောင်ပေါ့နော်။ ပြည်သူတွေကလည်း ဝိုင်းဝန်းပူးပေါင်းပါဝင်နိုင်ပြီး ကျနော်တို့ အားလုံးက ဝိုင်းကြိုးစားရမှာပဲ” ဟု ဒေါက်တာနိုင်အောင်က ပြောသည်။

၁၉၉ဝ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဆန္ဒမဲ ၈ဝ ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပြောင်းပေးခြင်း မရှိပေ။

Most read this week