စစ်အစိုးရအတွက် အရေးပါသော စုဝေးမှုဖြစ်သည့် လေးလပတ် အစည်းအဝေး ကျင်းပရန်အတွက် ထိပ်သီးစစ်ဘက်အရာရှိကြီးများ နေပြည်တော် တွင် ယနေ့ ရောက်ရှိနေကြပြီ ဖြစ်သည်။
၂ဝ၁ဝ ခုနှစ်အတွက် ပထမဆုံးဖြစ်သော လေးလပတ် အစည်းအဝေးကို မနက်ဖြန်မှစတင်၍ သုံးရက်ကြာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) တွင် ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ဖက်သတင်းရပ်ကွက်များက ပြောသည်။
တပ်တွင်းနေရာ အပြောင်းအရွေ့အများစုပေါ်ပေါက်လေ့ရှိသည့် လေးလပတ်အစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော နအဖ ကောင်စီဝင်များ၊ စစ်ဆင်ရေးအထူးအဖွဲ့မှူးများ ၊ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှူး၊ ဒေသကွပ်ကဲရေး စစ်ဌာနချုပ်မှူး၊၊ တပ်မမှူး၊ စစ်ဘက် ညွှန်ကြားရေးမှူးများ၊ စစ်ကျောင်းများမှ ကျောင်းအုပ်များ တက်ရောက်လေ့ရှိသည်။
ထို့အပြင် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများလည်း တက်ရောက်ကြရလေ့ရှိသည်။
ဌာနအသီးသီးက မိမိတို့ဒေသနှင့် လုပ်ငန်းများအကြောင်း တင်ပြကြရပြီး ခေါင်းဆောင်များ၏ ညွှန်ကြားမှုကို နာယူကြရသည်။
ယခု အစည်းအဝေးတွင် ၂ဝ၁ဝ ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် စီမံကိန်းများနှင့် လုပ်ငန်းစဉ်များကို ဒေသအသီးသီးမှ စစ်တိုင်းမှူးများထံ အသေးစိတ် ညွှန်ကြားဖွယ်ရှိကြောင်း တရုတ်- မြန်မာနယ်စပ် အခြေစိုက် စစ်ရေးလေ့လာသုံးသပ်သူ ဦးအောင်ကျော်ဇောက မဇ္စျိမကို ပြောသည်။
အစည်းအဝေး၏ နောက်ဆုံးရက်တွင် တပ်ချုပ်ကြီး ၊ ဒု - တပ်ချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး စစ်ဆင်ရေး အထူးအဖွဲ့မှူး - ကစထမှူးနှင့် ဒေသအသီးသီးမှ စစ်တိုင်းမှူးများ အထူးတံခါးပိတ် သီးသန့် အစည်းအဝေး ပြုလုပ်လေ့ရှိသည်။
“လွှတ်တော်မှာ တမတ်သား ပါဝင်မယ့် စစ်ဘက်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ရွေးချယ်နိုင်ဖွယ်ရှိပြီး မကြာခင်မှာ ဒီလူတွေကို ကြေငြာလာဖွယ်ရှိတယ်”ဟု ဦးအောင်ကျော်ဇောက ပြောသည်။
လေးလပတ်သည် စစ်ဘက်အရာရှိများအတွက် မိမိအထက်ရာထူးပိုင်ရှင်များနှင့် ဆက်စပ်သူများကို လက်ဆောင်ပေးရန်နှင့် လာဘ်ထိုးရန်အတွက် စုံရပ်တခုလည်း ဖြစ်စေသည်ဟု ဝေဖန်သူများက ပြောကြားကြသည်။
ပုံမှန်အားဖြင့် လေးလပတ်အစည်းအဝေးများကို ဇန်နဝါရီ၊ မေလနှင့် စက်တင်ဘာလများတွင် ကျင်းပလေ့ရှိသော်လည်း နေပြည်တော်က အကြောင်းပြချက်မဲ့ ရွှေ့ဆိုင်းမှုများလည်း ရှိသည်။
နောက်ဆုံးကျင်းပခဲ့သည့် လေးလပတ် အစည်းအဝေးမှာ ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖြစ်သည်။
၂ဝဝ၉ ခုနှစ် နိုဝင်ဘာလ လေးလပတ် အစည်းအဝေးနောက်ပိုင်းတွင် ရွေးကောက်ပွဲဥပဒေများ ကြေငြာခြင်းနှင့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ဦးဆောင်သည့်ဝန်ကြီးများ စစ်ဘက်ရာထူးမှ နှုတ်ထွက်ကာ ကြံ့ခိုင်ဖွံဖြိုးရေးပါတီကို ဦးဆောင်ခြင်းစသည့် နိုင်ငံရေးပြောင်းလဲမှုများ ပေါ်ပေါက်ခဲ့သည်။
ထိုင်းနိုင်ငံအခြေစိုက် Network of Democracy and Development အဖွဲ့မှ ဗဟို အလုပ်အမှုဆောင်တဦးက ယခုလေးလပတ်တွင် နယ်ခြားစောင့်တပ် အရေးနှင့် ပက်သက်၍ ထည့်သွင်း ဆွေးနွေးဖွယ်ရှိကြောင်း ပြောသည်။
“နယ်ခြားစောင့်တပ်ကိစ္စတွေ သူတို့ဆွေးနွေးဖွယ်ရှိပေမယ့် တရုတ်ဝန်ကြီးချုပ် ခရီးစဉ်ရှိတဲ့အတွက် ဘယ်လိုတွေဖြစ်လာမလဲ စောင့်ကြည့်ရဦးမယ်။ အရမ်းတော့ ထူးခြားပြောင်းလဲမယ် မထင်မိဘူး”ဟု သူက ပြောသည်။
ပုံမှန် ကျင်းပလေ့ရှိသည့်အတိုင်းတွက်ချက်ပါက ယခုနှစ်စက်တင်ဘာလတွင် ကျင်းပရမည့် တတိယ လေးလပတ် အစည်းအဝေးသည် ရွေးကောက်ပွဲ ကျင်းပမည့် အချိန်နှင့် တိုက်ဆိုင်ဖွယ်ရှိသည့်အတွက် ယခုအစည်းအဝေးသည် ၂ဝ၁ဝ ခုနှစ်၏ တခုတည်းသော နောက်ဆုံး အစည်းအဝေး ဖြစ်နိုင်ကြောင်းလည်း အကဲခတ်များက မှန်းဆထားကြသည်။