ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါက်တာဘမောင်သည် ချင်းပြည်နယ်ရှိ ခရိုင်နှင့် မြို့နယ် ကော်မရှင်အဖွဲ့ခွဲ အချို့ထံ လာရောက် ကာ ရွေးကောက်ပွဲတွင် မဲပေးသူများ လွတ်လပ်စွာ မဲပေးခွင့်ပြုရန် ပြောဆိုခဲ့ကြောင်း သိရသည်။
ယခုလ ၂၁ ရက်နေ့မှ စတင်လိုက်သည့် ချင်းပြည်နယ် ခရီးစဉ်အတွင်း မြို့တော်ဟားခါးနှင့် ဖလမ်းရှိ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များအား သင်တန်းပို့ချရာ၌ ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဖလမ်းမြို့ တလန်လိုရပ်ကွက်ရှိ အခြေခံအလယ်တန်းကျောင်းတွင် ယခုလ ၂၁-၂၂ ရက်နေ့အထိ ဖလမ်းခရိုင်နှင့် မြို့နယ်ရှိ သင်တန်းသား ၆ဝ ခန့်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ သင်တန်း ပေးခဲ့သည်။
“မှန်မှန်ကန်ကန်နဲ့ လုပ်ကြပါ။ အမှာအယွင်း မရှိအောင်၊ ပြဿနာ တစုံတရာ မရှိအောင် သတိထားကြပါ။ နည်းဥပဒေအတိုင်း မှန်မှန်လုပ်ပါ။ မဲပေးသူကို အနောင့်အယှက် မဖြစ်စေနဲ့၊ သူတို့ကြိုက်ရာ လွတ်လွတ်လပ်လပ် မဲချခွင့်ပေးရမယ်။ ပြည်သူလူထုကို လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့် ပေးပါလို့ မှာသွားတယ်” ဟု ဖလမ်းမြို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဆသင်ကပ်က မဇ္စျိမကို ပြောသည်။
ချင်းပြည်နယ် မြောက်ပိုင်းခရိုင်ဖြစ်သည့် ဖလမ်းတွင် ပြုလုပ်သော သင်တန်းတွင် ခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဗန်လျန်ခုပ် Van Lian Khup အပါအဝင် အဖွဲ့ဝင် ၁၄ ဦးအပြင် တီးတိန်နှင့် တွန်းဇံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။ ထို့နောက် ယမန်နေ့က မြို့တော်ဟားခါးမြို့သို့ သွားရောက်ကာ ပြည်နယ် အေးချမ်းသာယာရေး ပယက ရုံးတွင် နံနက် ၈ နာရီခွဲမှ ၁ဝ နာရီခွဲအထိ ဟောပြောပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ ပြည်နယ်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ၂ဝ ခန့် တက်ရောက်ခဲ့ပြီး၊ တောင်ပိုင်းခရိုင် မင်းတပ်မြို့ သွားရောက်မည် ဖြစ်ကာ ကျန်ရှိသည့် ပလက်ဝ၊ ကန်ပက်လက်၊ မတူပီမြို့နယ်များမှ ကော်မရှင်အဖွဲ့ဝင်များကို ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပေးသွားမည်ဟု ဟားခါးမြို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးဘွဲ့ဟိုက ပြောသည်။
ဗဟိုရွေးကောက်ပွဲကော်မရှင်မှ ချင်းပြည်နယ် ၉ မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်များ ဖွဲ့စည်းရန် ပြီးခဲ့သည့် မတ်လဆန်းတွင် ညွှန်ကြား ခဲ့သဖြင့် ချင်းပြည်နယ် ၉ မြို့နယ်လုံးတွင် ရွေကောက်ပွဲကော်မရှင် အဖွဲ့ဝင် အမည်စာရင်းကို ဧပြီလလယ်တွင် ဗဟိုကော်မရှင်သို့ ပေးပို့ရာ ဗဟိုက အတည်ပြုပေးခဲ့ပြီး ဖြစ်သည်။
“ပြည်နယ်ကော်မရှင်၊ ခရိုင်ကော်မရှင်နဲ့ မြို့နယ် ကော်မရှင် အတည်ဖြစ်သွားပြီ။ လက်ရှိ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် ၁၄ ဦးအတိုင်း အတည်ဖြစ်တယ်။ ဧပြီလလယ်လောက်က ဗဟိုရွေးကောက်ပွဲကော်မရှင်က အတည်ပြုစာ ရောက်လာတယ်။ ကော်မရှင်ရုံးတွေကို ဒီလကုန်လောက်မှာ ဖွင့်မယ်” ဟု ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကပ်တီလ်က ပြောသည်။
ဖလမ်းမြို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးဆသင်ကပ်၊ Pu Lai Er မူလတန်းကျောင်းအုပ် ပြင်စင်၊ Pu Khua Thio ရဲတပ်ကြတ်ကြီး ပြင်စင်၊ ဦးမြင့်စိုး မြို့နယ်ကြီးကြတ်ရေးမှူး၊ မြို့နယ် မြေစာရင်း ဦးစီးမှူး၊ မြို့နယ် လဝက ဦးစီးမှူး စသည်တိုအပါအဝင် အဖွဲဝင် ၁၅ ဦးကို ဖလမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်း ရွေးချယ်ပေးခဲ့သည်။
ဟားခါးမြို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးဘွဲ့ဟို Bawi Hu (မြို့နယ် ပညာရေးမှူး - အငြိမ်းစား)၊ ဦးနောလ်ဘိ Nawl Bik (လဝက ဦးစီးမှူး)၊ ဒေါက်တာ ဦးမင်းခိုင် (မြို့နယ် ဆေးရုံအုပ်ကြီး)၊ ဦးသန်းထိုက် (မြို့နယ် ဥပဒေအရာရှိ)၊ ဦးအွန်သွလ် On Tual (မြို့နယ် ပညာရေးမှူး)၊ ဦးဟုန်ကီ Hung Ki (မြို့နယ် စိုက်ပျိုးရေး မန်နေဂျာ)၊ ဦးစိန်သန် Sing Than (မြို့နယ် ပြန်ကြားရေးမှူး)နှင့် ဦးအောင်လောဟ (မြို့နယ် ဒုဦးစီးမှူး) စသည်တို့ အပါအဝင် အဖွဲ့ဝင် ၁၅ ဦး ဖြစ်သည်။
ချင်းပြည်နယ် ၉ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်များမှာ တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ မတူပီ၊ မင်းတပ်၊ ကန်ပလက်နှင့် ပလက်ဝ စသည်တို့ဖြစ်ပြီး ချင်းပြည်နယ် တပြည်နယ်လုံး ရွေးကောက်ပွဲကော်မရှင် ဌာနချုပ်ကို မြို့တော် ဟားခါးမြို့တွင် အခြေစိုက်မည်ဖြစ်သည်။
ဒေါက်တာဘမောင်သည် မြန်မာတပြည်လုံးအတွက် သမိုင်းဌာန ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် အဖွဲ့ဝင်အဖြစ် အရွေးခံထားရကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကပ်တီလ်က မဇ္စျိမကိုပြောသည်။