နိုင်ငံခြားသို့ ကြက်သွန်နီ တင်ပို့မှု တားမြစ်ထားရာမှ ပြည်တွင်း လိုအပ်ချက်ထက် ပိုလျှံနေသဖြင့် ကြက်သွန်နီ စျေးနှုန်းများ ထိုးကျသွားရာ တောင်သူများ အရှုံးပေါ်လျှက် ရှိသည်။
ပြီးခဲ့သည့်နှစ်နှောင်းပိုင်းတွင် ကြက်သွန်နီ အသေးစျေးနှုန်းမှာ ကျပ် ၉ဝဝ နှင့် အကြီးစျေးနှုန်းမှာ ကျပ် ၁၄ဝဝ အထိ စျေးကောင်းရခဲ့သဖြင့် တောင်သူများက ပိုမိုစိုက်ပျိုးခဲ့သော်လည်း ပြည်ပစျေးကွက်သို့ တင်ပို့နိုင်ခြင်း မရှိသောကြောင့် လက်ရှိ ကြက်သွန်နီ စျေးနှုန်းများ ထိုးကျလာခဲ့ရာ အသေးတပိဿာ ၁၅ဝ ကျပ်၊ အကြီးစျေး ကျပ် ၂ဝဝ သို့ပင် ဆိုက်ရောက်နေသည်။
ပခုက္ကူ ကြက်သွန်လက္ကားပွဲရုံ ပိုင်ရှင်တဦးက “ပြီးခဲ့တဲ့နှစ်က ကြက်သွန်စျေးကောင်းတော့၊ တောင်သူတွေက ကြက်သွန်ကို ဒီနှစ် အားထားစိုက်ကြတယ်။ သူတို့ စိုက်တဲ့နှစ်ကျမှ နိုင်ငံခြားတင်ပို့မှုတွေ ပိတ်ထားတယ်။ ပြီးတော့ စျေးကွက်ကျတော့ သူတို့ အရှုံးပေါ်တာပေါ့။ တောင်သူတွေအနေနဲ့ ကြက်သွန်စျေးကွက် မကောင်းလို့ ငြီးနေကြတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အများဆုံး ကြက်သွန်စိုက်ပျိုးသည့် ဒေသများမှာ စစ်ကိုင်းတိုင်း မုံရွာ၊ မကွေးတိုင်း ပခုက္ကူနှင့် ရေနံချောင်းမြို့နယ်များ ဖြစ်သည်။ ပြည်တွင်း၌ အများဆုံး ဖြန့်ဖြူးနေသည့် ဒေသများတွင် မန္တလေးတိုင်း ကျောက်ဆည်၊ ဧရာဝတီတိုင်း မြောင်းမြနှင့် မကွေးတိုင်း ဆိပ်ဖြူမြို့တို့လည်း ပါဝင်သည်။
“ကြက်သွန်မျိုး၊ စိုက်ပျိုးစရိတ်၊ ရေနံဆီဖိုး၊ မြေသြဇာဖိုးနဲ့ ပိုးသတ်ဆေးဖိုးတွေပါတွက်ရင် လုပ်အားခတောင် ရှုံးသေးတယ်။ ကြက်သွန်စျေးနှုန်းတွေ ထိုးကျနေပေမယ့် ဝယ်လက်က မရှိဘူး။ အခု နိုင်ငံခြားတင်ပို့တဲ့ ဝယ်လက်တွေ ပိတ်ထားတယ်။ အဲဒီလို ဝယ်လက်မရှိဘူးဆိုရင် ကြက်သွန်တွေကို မြေသြဇာလုပ်ပစ်ဖို့ပဲ ရှိတယ်” ဟု ရေနံချောင်းရှိ ကြက်သွန်နီ တောင်သူတဦးက ပြောသည်။
နှစ်စဉ် နိုင်ငံခြားတင်ပို့မှုမှာမူ ပုံမှန်အခြေအနေ မရှိကြောင်းနှင့် ပြည်တွင်းစျေးနှုန်း မြင့်တက်ပါက တင်ပို့ခွင့် မပြုကြောင်း ရန်ကုန်ရှိ စက်မှုနှင့် ကုန်သည်ကြီးများအသင်း (UMFCCI) တာဝန်ရှိသူတဦးက ပြောသည်။ မြန်မာ့ကြက်သွန်များကို တရုတ်၊ မလေးရှား၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံများသို့ အဓိကထား တင်ပို့နေခြင်း ဖြစ်သည်။
အစိုးရတရားဝင် ထုတ်ပြန်သော ကိန်းဂဏန်းများအရ ၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ကြက်သွန်နီ တန်ချိန် ၁၈၄ဝဝ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ သို့သော် ပြီးခဲ့သည့်နှစ် သြဂုတ်လလယ်ပိုင်းတွင် အကောင်းစား ကြက်သွန်နီ စျေးနှုန်းမှာ တပိဿာလျှင် ကျပ် ၁၈ဝဝ အထိပင် မြင့်တက်သွားခြင်းကြောင့် တရုတ်နှင့် အိန္ဒိယထံမှ စက်တင်ဘာ-အောက်တိုဘာလအတွင်း တန်ချိန်ပေါင်း ၁၄ဝ ခန့် မှာယူတင်သွင်း ခဲ့ရ သေးသည်။
''ကြက်သွန်စျေးကျတယ်ဆိုတာက စီးပွားရေးရဲ့ အင်အားစုရော (အဝယ်နဲ့ အရောင်း) အဝယ်လက်နည်းလို့ ကျတာပေါ့။ သူရဲ့ သက်ရောက်မှု အနေနဲ့ ကြည့်မယ်ဆိုရင်တော့ စိုက်ပျိုးထုတ်လုပ်တဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ဝင်ငွေနည်းမယ်။ တဖက်က ပြည်ပကို ရောင်းတဲ့ ပုဂ္ဂိုလ်တွေအတွက် အနေအထား ကောင်းတယ်။ ပြည်ပစျေးကွက်ကို ယှဉ်နိုင်တယ်။ ကြက်သွန်စျေးကျလို့ စားသုံးသူလက်ကို ရောက်ရင် စားသုံးသူတွေအတွက် ကောင်းပါတယ်'' ဟု ရန်ကုန်တက္ကသိုလ် ဘောဂဗေဒ ဆရာတဦးက မဇ္စျိမကို ပြောသည်။
ကြက်သွန်နီ စျေးနှုန်းများ ထူးကဲစွာ ထိုးကျခဲ့သည့် ဖြစ်ရပ်မျိုး ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလတွင် ရှိခဲ့သည်။ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်တွင် တပိဿာ ၁၆ဝ ကျပ်အထိ လျှောကျခဲ့ပြီး မကွေးတိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ၅ဝ ကျပ်အထိပင် ဆိုးရွားစွာ ရောက်ရှိခဲ့ရသည်။ ထိုအချိန်တွင် ကြက်သွန် တောင်သူများမှာ ခူးယူခြင်း မပြုဘဲ ထားရှိခဲ့ရသည့် အခြေအနေသို့ပင် ဆိုက်ရောက်ခဲ့သည်။
ဘောဂဗေဒ ပါမောက္ခဟောင်းတဦးက ''ကြက်သွန်တွေက ထိန်းသိမ်းထားရှိရတဲ့ ကာလက ၆-၇ လ လောက်ပဲ အကန့်အသတ်ရှိတယ်။ အဲဒီလို ထိန်းသိမ်းတဲ့ ကာလကျော်လာရင် အလေးချိန်က တနေ့တခြား လျော့လာမယ်။ စားသုံးဖို့ထက် ကျော်လွန်နေတယ်ဆိုရင် အလွန်အကျွံ စားသုံးပြီး (Waste) ဖြစ်လာတယ်။ ပုပ်သိုးပျက်စီးလွယ်တဲ့ ပစ္စည်းဖြစ်တယ်လို့ ကြာရှည်လည်း သိုလှောင်လို့ မရတဲ့အတွက် နစ်နာတာပေါ့။ နိုင်ငံခြား တင်ပို့မှု လည်း မရှိဘူးဆိုတော့ တောင်သူတွေပဲ နစ်နာတာပေါ့'' ဟု ပြောဆိုသည်။