ဗုံးခွဲမှုခင်း သံသယဖြင့် ဖမ်းဆီးခံရသူကို ရုံးထုတ်

ဗုံးခွဲမှုခင်း သံသယဖြင့် ဖမ်းဆီးခံရသူကို ရုံးထုတ်
by -
မြင့်မောင်
ရန်ကုန်ရှိ သင်္ကြန်တွင်း ဗုံး ၃ လုံး ပေါက်ကွဲမှုတွင် ဓာတ်ပုံရိုက်ယူခဲ့သဖြင့် ဖမ်းဆီးခံရသော သားအဖနှစ်ဦးအနက် ယနေ့တွင် ဖခင် ဦးဇေယျကို မင်္ဂလာတောင်ညွန့် တရားရုံးတွင်....

ရန်ကုန်ရှိ သင်္ကြန်တွင်း ဗုံး ၃ လုံး ပေါက်ကွဲမှုတွင် ဓာတ်ပုံရိုက်ယူခဲ့သဖြင့် ဖမ်းဆီးခံရသော သားအဖနှစ်ဦးအနက် ယနေ့တွင် ဖခင် ဦးဇေယျကို မင်္ဂလာတောင်ညွန့် တရားရုံးတွင် ရုံးထုတ်ခဲ့သည်။

ဦးဇေယျအပေါ် ရဲက အမှုဖွင့်ဆိုထားခြင်းမရှိသေးဘဲ မြို့နယ် တရားရုံုးသို့ ယနေ့နံနက်က ရုံုးထုတ်ပြီး နောက်ထပ် ၁၄ ရက်၊ (ရီမန်ကြီးတပတ်) ဗဟန်းရဲစခန်း၌ ဆက်လက်ချုပ်နှောင်ထားရန်နှင့် မေလ ၃၁ ရက်နေ့တွင် နောက်တခါ ရုံုးထုတ်ရန် ချိန်းဆိုလိုက်သည်။

“ နှိပ်စက်တာ မရှိပါဘူး။ ကျန်းမာရေး အခြေအနေ ကောင်းပါတယ်။   ပုဒ်မမတပ်သေးဘဲ ရဲအချုပ်မှာ ထားတယ်။ ဘာလုပ်နေလဲမေးတော့ အချုပ်ထဲမှာ အချုပ်သားအချင်းချင်း လူမှုရေးအကူအညီ ပေးနေတယ်။ လိုအပ်တာလေးတွေ လုပ်ပေးနေတယ်။ ”ဟု ဦးဇေယျ၏ ဇနီးဖြစ််သူ ဒေါ်ရီရီတင့်က မဇ္စျိမကို ပြောသည်။

သင်္ကြန်အကြတ်နေ့က X2O မဏ္ဍပ်ရှေ့ ဗုံးကွဲသည့် အခင်းဖြစ်ပွားပြီးနောက် ဓာတ်ပုံရိုက်ယူနေသည့် သားဖြစ်သူ စည်သူဇေယျအား ရဲများက ဖမ်းဆီးခဲ့ပြီး၊ နောက် ၂ ရက်အကြာတွင် ဖခင် ဦးဇေယျအား သတင်းရဲတပ်ဖွဲ့က  ဗဟန်းမြို့နယ်ရှိ နေအိမ်တွင် လာရောက်ဖမ်းဆီးခဲ့သည်။

ကိုစည်သူဇေယျကို စစ်ကြောရေးစခန်း၌ နှိပ်စက်မှုများရှိနေပြီး အဓမ္မ ဝန်ခံခိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း ဒေါ်ရီရီတင့်က ပြောသည်။

မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇/၁ ဖြင့် ရဲက တရားလိုလုပ်ထားသော ကိုစည်သူဇေယျအမှုကို မနက်ဖြန် မင်္ဂလာတောင်ညွှန့်တရားရုံုးတွင်ပင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း အတိုက်အခံ သတင်းရပ်ကွက် အရ သိရသည်။

ရဲချုပ်ခင်ရီက ဦးဇေယျနှင့် ကိုစည်သူဇေယျတို့ကို ဗုံးဖောက်ခွဲမှုတွင် ပါဝင်ပတ်သက်သည်ဆိုသော သံသယဖြင့် စစ်ဆေးနေခြင်း ဖြစ်သည်ဟု ပြောထားသည်။

ဧပြီ  ၁၅ ရက်နေ့ ဗုံးကွဲမှုတွင် ၁ဝ ဦးခန့် သေဆုံးကာ၊ ဦးရေ ၁၇ဝ ခန့် ဒဏ်ရာရရှိခဲ့ရာ စစ်အရာရှိကြီးများ၊ မြို့နယ်အာဏာပိုင်များပါ ပါဝင်သည်။ အင်ဂျင်နီယာတဦးကို စစ်အစိုးရက ဖမ်းဆီးထားပြီး စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များ VBSW လက်ချက်ဟု စွပ်စွဲထားသည်။

Most read this week