ရှမ်းမြောက်တပ်နှင့် စစ်အစိုးရအကြား တင်းမာမှုကြီးထွား

ရှမ်းမြောက်တပ်နှင့် စစ်အစိုးရအကြား တင်းမာမှုကြီးထွား
by -
ဖနိဒါ
ပြည်သူ့စစ် အသွင်ပြောင်းလဲရေး ငြင်းဆိုနေသည့် အပစ်ရပ် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA-N တပ်မဟာ ၁ နှင့် စစ်အစိုးရ တပ်များအကြား စစ်ရေး တင်းမာမှုများ ရှိနေကြောင်း...

ပြည်သူ့စစ် အသွင်ပြောင်းလဲရေး ငြင်းဆိုနေသည့် အပစ်ရပ် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA-N တပ်မဟာ ၁ နှင့် စစ်အစိုးရ တပ်များအကြား စစ်ရေး တင်းမာမှုများ ရှိနေကြောင်း သိရသည်။

SSA-N ၌ တပ်မဟာ ၁၊ ၃၊ ရ နှင့် ဗဟို လုံခြံုရေးတပ် ရှိသည့်အနက် ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် စိန်ကျော့ဒေသ ဌာနချုပ်မှ ဥက္ကဌ ဗိုလ်ချုပ်လွယ်မောဝ်း ဦးဆောင်သည့် တပ်မဟာ ၃၊ ရ နှင့် ဗဟို လုံခြံုရေးတပ် စုစုပေါင်း အင်အား ၁၂၀၀ ကျော်သည် ပြည်သူ့စစ် အသွင်ပြောင်းရန် ယခင်လ က စာရင်းတင်ခဲ့သည်ဟု ဆိုသည်။

သို့သော် ရှမ်းပြည်မြောက်ပိုင်း ဝမ်ဟိုင်းဒေသ အခြေဆိုက် ဗိုလ်ချုပ်ပန်ဖ ဦးဆောင်သည့် အင်အား ၃၀၀၀ ကျော်ရှိ တပ်မဟာ ၁ အဖွဲ့က ဆက်လက် ငြင်းဆိုနေခြင်း ဖြစ်သည်။ စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ပြောင်းရေး နောက်ဆုံး သတ်မှတ်ရက်မှာ မေ ၁၂ ရက်နေ့ ဖြစ်သည်။

တပ်မဟာ ၁ နယ်မြေ၏ အနောက်၊ မြောက်၊ တောင်ဘက်များရှိ မိန်းယိုင်း၊ မိန်းနောင်၊ တန့်ယန်းမြို့ နယ်များတွင် နအဖ တပ်အင်အားများ တိုးချဲ့လာနေခြင်းဖြစ်ပြီး   ကူညီတိုက်ခိုက်ရန် ပြင်ဆင်ထားကြောင်း စစ်အစိုးရကို လက်နက်ကိုင် တိုက်နေဆဲဖြစ်သော ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) SSA-S မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းလောဝ်ဆိုင်က ပြောသည်။

“တချို့က တောပြန်ခိုဖို့ ရှိနေတယ်။ ဒီနေ့ဆိုရင် ကျော်လာပြီဖြစ်တဲ့အတွက် တပ်မဟာ ၁ ချ ထားတဲ့ ဒေသတဝိုက်မှာတော့ တဖြည်းဖြည်းနဲ့ တပ်ချဲ့ထားတယ်။ တပ်မဟာ ၁ က နအဖက တိုက် လာမယ်ဆိုရင် ပြန်တုန့်ပြန်ဖို့ အဆင်သင့် ဖြစ်ပြီလို့ ပြောတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

၁၉၈၉ ခု စက်တင်ဘာလတွင် နဝတ ကိုယ်စားလှယ်များနှင့် ဗိုလ်ချုပ်ဆေထင် ဦးဆောင်သော SSA-N ကိုယ်စားလှယ်များအကြား လားရှိုးမြို့၌ အပစ်ရပ် လက်မှတ်ထိုးစဉ်က နိုင်ငံရေးကိစ္စများကို နောင်လာမည့် အစိုးရဖြင့်သာ ဆွေးနွေးမည်ဟုလည်း သဘောတူခဲ့ကြသည်။

ရှမ်းပြည်နယ်အရေး လေ့လာနေသူ သျှမ်းသံတော်ဆင့် သတင်းဌာန လက်ထောက် အယ်ဒီတာ ဦးစိန်ကြည်ကလည်း “နအဖဘက်က စစ်အင်အားတွေ ထပ်ပို့တယ်။ တပ်မဟာ ၁ ဘက်ကလဲ သူတို့ရဲ့ တပ်မှူး တပ်သား၊ ဒေသခံတွေရဲ့ ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်ပဲ ဆိုပြီးတော့ လက်မခံဘူး” ဟု မဇ္ဈိမကို ပြောသည်။ SSA-N ၏ အဓိက စီးပွားရေး လုပ်ငန်းသည် သစ်နှင့် ကျောက် ရောင်းဝယ်ရေးတို့ဖြစ်ပြီး ဥက္ကဌ ဗိုလ်ချုပ် လွယ်မောဝ်း ဦးဆောင်သည့် တပ်ဖွဲ့များသည် ရှမ်းပြည်တောင်နှင့် မြောက်အကြားရှိ မိုင်းကိုင်၊ မန်းလောမ်၊ မိုင်းနောင်၊ မိုင်းရှူးမြို့နယ်များတွင် လတ်တလော လှုပ်ရှားနေသည်။

မိုင်းရှူးမြို့မှ ပုဂ္ဂလိက ကျောက်ကုမ္ပဏီများတွင် အခကြေးငွေဖြင့် လုံခြံုရေး ယူနေသော တပ်မဟာ ၁ တပ်ဖွဲ့ဝင်များသည် ကျောက်တွင်းများမှ ထွက်ခွာသွားနေသည်ဟု ဒေသခံများက ပြောသည်။

အခြားအပစ်ရပ် တိုင်းရင်းသားအဖွဲ့များဖြစ်သော မွန်ပြည်သစ်ပါတီ NMSP၊ ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ KIO၊ ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ် UWSA တို့သည်လည်း ယနေ့ထိ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ငြင်းဆိုနေကြဆဲ ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ် တောင်ကြီးမြို့ဘက်မှ စစ်သားနှင့်လက်နက်အပြည့် တင်ဆောင် ထားသည့် နအဖ စစ်ကား ၃၇ စီးသည် ရှှမ်းပြည်တောင်ပိုင်း UWSA ထိန်းချုပ်ထားရာ နမ်းစန်မြို့နှင့် သံလွင်မြစ် အနောက်ဖက် ကွန်ဟိန်းမြို့၊ မိုင်းပန်ဘက်သို့ ထွက်ခွာသွားသည်ဟု ဒေသခံများက ပြောသည်။

Most read this week