အကြိုဗိုလ်လုပွဲတက်ရန် ရတနာပုံ အခြေအနေကောင်း

အကြိုဗိုလ်လုပွဲတက်ရန် ရတနာပုံ အခြေအနေကောင်း
by -
ဆလိုင်း ဟံသာစန်း
မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရတနာပုံအသင်းသည် အာရှဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ပြိုင်ပွဲ၌ ဘူတန်နိုင်ငံမှ ဒရက်စတား Druk Ster အသင်းအား ဂိုးပြတ်အနိုင်ရရှိခဲ့သဖြင့် အကြိုဗိုလ်လုပွဲ တက်လှမ်းရန် အခြေအနေ ကောင်းမွန်.....

မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရတနာပုံအသင်းသည် အာရှဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ပြိုင်ပွဲ၌ ဘူတန်နိုင်ငံမှ ဒရက်စတား Druk Ster အသင်းအား ဂိုးပြတ်အနိုင်ရရှိခဲ့သဖြင့် အကြိုဗိုလ်လုပွဲ တက်လှမ်းရန် အခြေအနေ ကောင်းမွန်သွားပြီ ဖြစ်သည်။

ယမန်နေ့ ညနေ ၄ နာရီက ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်၌ ရတနာပုံက ဘူတန်ကလပ် ချန်ပီယံကို ၁၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သဖြင့် နောက်ဆုံး လက်ကျန်ပွဲတွင် သရေကစားနိုင်ပါက အကြိုဗိုလ်လုပွဲ တက်ရောက်မည့် အခြေအနေသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

“ကျနော်တို့က နောက်တပွဲမှာ သရေကျရုံနဲ့ အကြိုဗိုလ်လုပွဲတက်ဖို့ မျှော်လင့်နိုင်ပါပြီ။ ကိုယ့်မြေ ကိုယ့်ပရိသတ်ရှေ့မှာ ကစားရမှာ ဖြစ်တဲ့အတွက် အကြိုဗိုလ်လုပွဲရောက်မယ်လို့ ယုံကြည်ထားပါတယ်” ဟု ရတနာပုံအသင်း အုပ်ချုပ်သူ ဦးစိုးမိုးလှိုင်က မဇ္စျိမကို ပြောသည်။

ယမန်နေ့ပွဲစဉ်တွင် ရတနာပုံအသင်းအတွက် ဂိုးများကို ပိုင်စိုးက ၄ ဂိုး၊ ရန်ပိုင်က ၃ ဂိုးနှင့် အောင်ကျော်မိုး၊ ရဲဇော်ထက်အောင်၊ အေးမိုး၊ သက်နိုင်တို့က တဂိုးစီ သွင်းယူခဲ့ကြသည်။

အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား - AFC President’s Cup 2010 ၏ အုပ်စု ခ နှင့် အုပ်စု ဂ တို့၏ ပွဲစဉ်များကို ရန်ကုန်မြို့ရှိ အောင်ဆန်းကွင်းနှင့် သုဝဏ္ဏကွင်းတို့၌ ယခုလ ၉ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပနေသည်။
မြန်မာနိုင်ငံမှ ရတနာပုံအသင်းသည် ဘူတန်နိုင်ငံမှ ဒရက်စတား၊ တာမင်နစ္စတန်နိုင်ငံမှ HTTU အသင်းတို့နှင့် တအုပ်စုတည်း ကျရောက်နေပြီး လက်ရှိအချိန်တွင် အုပ်စုပထမနေရာဖြင့် ဦးဆောင်နေသည်။

အကြိုဗိုလ်လုပွဲတက်ရေး အဆုံးအဖြတ်အတွက် ရတနာပုံနှင့် HTTU အသင်းတို့ ယခုလ ၁၃ ရက် နေ့ ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

“သူတို့အသင်းက ကျနော်တို့ရတနာပုံထက် ကိုယ်ကာယရော၊ ဘောလုံးပညာရော တောင့်တင်းတဲ့ အသင်းပါ။ ဒါပေမဲ့ ကျနော်တို့ဘက်က အားသာတာက ရာသီဥတုရှိတယ်။ အိမ်ရှင် ပရိသတ်အား ရှိနေတဲ့အတွက် အနိုင်မဟုတ်ရင် သရေရအောင် ကစားနိုင်မယ် ထင်ပါတယ်” ဟု ရတနာပုံအသင်း အုပ်ချုပ်သူက ပြောသည်။

အုပ်စု ဂ တွင် တာမင်နစ္စတန်ကလပ် ကွာဟွန်တပ်ပါ (Qurghonteppa)၊ သီရိလင်္ကာကလပ် Renown Sports၊ ပါကစ္စတန်ကလပ် KRL နှင့် ကမ္ဘောဒီးယားကလပ် နာဂကော့ပ် (Nagacorp) တို့ ပါဝင်ပြီး ကွာဟွန်တပ်ပါအသင်းက ဦးဆောင်နေသည်။

အုပ်စု က တွင် ဘင်္ဂလားဒေ့ရှ်ကလပ် အဘဟာနီ လိမိတက် (Abahani Limited)၊ ကာဂျစ္စတန်ကလပ် ဒေါ်ဒွိုင်း ဒိုင်နမို (Dordoi-Dynamo)၊ နီပေါကလပ် နယူးရုတ်ဒ် (New Road)၊ တရုတ်-ထိုင်ဝမ်ကလပ် (N.T.C.P.E) အသင်းများ ပါဝင်ပြီး ၎င်းပွဲစဉ်များအား ဘင်္ဂလားဒေ့ချ်နိုင်ငံက ယခုလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ အိမ်ရှင် အဖြစ် လက်ခံကျင်းပမည်။

AFC ဥက္ကဋ္ဌဖလားပြိုင်ပွဲတွင် အုပ်စု ၃ စု ပါဝင်ပြီး ပြိုင်ပွဲစည်းမျဉ်းအရ အုပ်စုပထမရသည့် အသင်း ၃ သင်းသည် အကြိုဗိုလ်လုပွဲသို့ တိုက်ရိုက်ရောက်ရှိမည်ဖြစ်ပြီး၊ အုပ်စုဒုတိယနေရာမှ အသင်း ၃ သင်းအနက် အကောင်းဆုံး တသင်း အကြိုဗိုလ်လုပွဲ တက်ရောက်နိုင်မည် ဖြစ်သည်။

ရတနာပုံသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက အမှတ်ပေးစနစ်ဖြင့် စတင်ကျင်းပခဲ့သည့် မြန်မာနေရှင်နယ်လိဂ် MNL တွင် ဗိုလ်စွဲခဲ့သဖြင့် AFC ဥက္ကဋ္ဌဖလား ပြိုင်ပွဲသို့ ဝင်ရောက်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

AFC ဥက္ကဋ္ဌ ဖလား ဘောလုံးပြိုင်ပွဲ (AFC President’s Cup)  ကို အာရှ ဘောလုံးအဖွဲ့ချုပ်က ၂ဝဝ၅ ခုနှစ်မှစတင်ကာ အာရှတိုက်ရှိ ဘောလုံးအဆင့်နိမ့် နိုင်ငံများမှ ပြည်တွင်းလိဂ် ချန်ပီယံများ (သို့မဟုတ်) ဒုတိယရသည့် ကလပ်အသင်းများကို ဖိတ်ခေါ်ကာ ကျင်းပပေးခဲ့ခြင်း ဖြစ်သည်။

ပြိုင်ပွဲစတင်ကျင်းပစဉ်က နိုင်ငံ ၈ နိုင်ငံ ဖိတ်ခေါ်ခဲ့သော်လည်း ၂ဝဝ၈ ခုနှစ်တွင် မြန်မာ၊ ဘင်္ဂလားဒေ့ချ်နှင့် တာမင်နစ္စတန် စသည့် နိုင်ငံ ၃ နိုင်ငံမှ ကလပ်အသင်းများကို တိုးချဲ့ဖိတ်ခေါ်ခဲ့သဖြင့် စုစုပေါင်း ၁၁ နိုင်ငံ ဖြစ်လာခဲ့သည်။ လက်ရှိချန်ပီယံမှာ ၂ နှစ်ဆက် ဗိုလ်စွဲထားသည့် တာဂျစ္စတန်ကလပ် ရီဂါတပ် အေဇက် ဖြစ်သည်။

၂ဝဝ၈ နှင့် ၂ဝဝ၉ ခုနှစ်များတွင် ရှမ်းပြည်နယ်ကိုယ်စားပြု ကမ္ဘောဇအသင်းသည် AFC ဥက္ကဋ္ဌ ဖလားသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အုပ်စုအဆင့်မှပင် လှည့်ပြန် ခဲ့ရသည်။