စောင်စက်လုပ်သားများနှင့် အလုပ်ရှင် ပြေလည်မှု ရရှိ

စောင်စက်လုပ်သားများနှင့် အလုပ်ရှင် ပြေလည်မှု ရရှိ
by -
မြင့်မောင်
လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်း စက်မှုဇုန်ရှိ ထာဝရ စောင်စက်ရုံရှိ အလုပ်သမား ၁၄ ဦးက အလုပ်ရှင်သည် အလုပ်သမားများအပေါ် ခွဲခြားဆက်ဆံသည်ဟု ဆိုသော အငြင်းပွားမှုမှာ  နှစ်ဖက်ပြေလည်မှု ရရှိခဲ့ကြောင်း သိရ ...

နယူးဒေလီ (မဇ္စျိမ)။       ။ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်း စက်မှုဇုန်ရှိ ထာဝရ စောင်စက်ရုံရှိ အလုပ်သမား ၁၄ ဦးက အလုပ်ရှင်သည် အလုပ်သမားများအပေါ် ခွဲခြားဆက်ဆံသည်ဟုဆိုသော အငြင်းပွားမှုမှာ  နှစ်ဖက်ပြေလည်မှု ရရှိခဲ့ကြောင်း သိရသည်။

ရွှေလင်ပန်းစက်ရုံမှ လုပ်သား ၈ဝ က ယခုလ ၆ ရက်နေ့တွင် လုပ်အားခများ တိုးမြှင့်ပေးရေး၊ သာယာသော လုပ်ငန်းခွင် ဖန်တီးရေးနှင့် ကျန်းမာရေးဆိုင်ရာ အခွင့်အလမ်းများပေးရန် တောင်းဆိုခဲ့ရာ အာဏာပိုင်များက ကြားဝင်ဖြေရှင်းပေးခဲ့၍ ပြေလည်သွားသော်လည်း အလုပ်ရှင်က ဦးဆောင်တိုင်တန်းခဲ့သူများကို  အငြိုးထားကာ အချိန်ပိုဆင်းခွင့်မပြုခြင်းနှင့် အနီးကပ်စောင့်ကြည့်နေခဲ့သည်ဟူသော အငြင်းပွားမှုထပ်ဖြစ်ပြန်သည်။

မအေးအေးမြင့်နှင့် မဆွေလှိုင်ဦးအပါအဝင် ခေါင်းဆောင် ၁၄ ဦးက ၎င်းတို့ကို ခွဲခြားဆက်ဆံခဲ့သည်ဟုဆိုကာ ယခုလ ၁ဝ ရက်နေ့တွင် အလုပ်သမားရုံးထံ ထပ်မံတိုင်ကြားခဲ့ရာ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးရုံးကပင် ထပ်မံ ကြားဝင် ညှိနှိုင်းပေးလိုက်ခြင်းဖြစ်သည်။

“အလုပ်ရှင်နဲ့ ညှိပေးလိုက်တာ အလုပ်ရှင်ဘက်က တချို့တဝက် လိုက်လျောတဲ့အတွက် ပြေလည်သွားပါတယ်။ သူတို့ဘက်က မရှင်းလင်းတဲ့ကိစ္စတွေကို သူတို့အချင်းချင်း မေးမြန်းကြပါတယ်။ ” ဟု လှိုင်သာယာမြို့နယ် အလုပ်သမား ကြီးကြပ်ရေး ကော်မတီရုံးမှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။

ထာဝရ စောင်စက်ရုံသည် လှိုင်သာယာမြို့နယ် ရွှေလင်ပန်း စက်မှုဇုန်ရှိ ဗန်းမော်အတွင်းဝန်လမ်း အိမ်အမှတ် ၄၁-၄၂ တွင် ဖွင့်လှစ်ထားသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှစတင်၍ ရန်ကုန်တိုင်း လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ် စက်မှုဇုန်များရှိ အထည်ချုပ်၊ သကြားလုံး၊ သားရေ၊ ဖိနပ်စက်ရုံများနှင့် အင်းစိန်မြို့နယ် Lion City အထည်ချုပ်စက်ရုံတို့တွင် အလုပ်သမားများ၏ လုပ်ခလစာ တိုးမြှင့်ရေး အပါအဝင် ရပိုင်ခွင့်များအတွက် ၁ဝ ကြိမ်ထက်မနည်း ဆန္ဒပြခဲ့ရာ၊ အလုပ်သမားပေါင်း တသောင်းကျော် ပါဝင်ဆန္ဒပြခဲ့သည်။

Most read this week