ပါတီစည်းရုံးရေး နှောင့်နှေးနေဟု KSPP ပြော

ပါတီစည်းရုံးရေး နှောင့်နှေးနေဟု KSPP ပြော
by -
ဖနိဒါ
နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့် မရသေးသဖြင့် ပါတီစည်းရုံးရေးလုပ်ငန်းများ နှောင့်နှေးနေ ရသည် ဟု ကချင်အမျိုးသားလွှတ်မြောက်ရေးအဖွဲ့ (KIO) ဒုဥက္ကဌဟောင်း ဦးဆောင်သည့် ကချင် ပြည်နယ်တိုးတက်ရေးပါတီ KSPP က ယနေ့ပြော...

နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့် မရသေးသဖြင့် ပါတီစည်းရုံးရေးလုပ်ငန်းများ နှောင့်နှေးနေ ရသည် ဟု ကချင်အမျိုးသားလွှတ်မြောက်ရေးအဖွဲ့ (KIO) ဒုဥက္ကဌဟောင်း ဦးဆောင်သည့် ကချင် ပြည်နယ်တိုးတက်ရေးပါတီ KSPP က ယနေ့ပြောသည်။

“စည်းရုံးရေးကွင်းဆင်းဖို့က အခုအချိန်ခါမှာ မှတ်ပုံတင်စောင့်နေရတာ ရှိနေတယ်။ ခုထိ ကျယ်ကျယ် ပြန့်ပြန် စည်းရုံးရေး မလုပ်နိုင်ဘူး။ ပါတီအများစုကိုတော့ ချပေးပြီး ကျနော်တို့ ကျန်နေသေးတယ် ဆို တော့ နှောင့်နှေးမှုရှိနေတယ်လို့ ခံစားမိတယ်” ဟု KSPP ဥက္ကဌ  ဒေါက်တာတူးဂျာ က ပြောသည်။

ယခင်လ ၅ ရက်နေ့ကတည်းက ပါတီထောင်ခွင့်တင်ထားသော်လည်း KSPP အား ပါတီထောင်ခွင့် မချပေးသေးသော်လည်း ၎င်းတို့နောက်မှ လျှောက်သည့် ပါတီ ၂ဝ ကျော်ကိုမူ ခွင့်ပြုချက်ပေးပြီးဖြစ် သည်။

KSPP အပါအဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တိုးတက်ရေးပါတီ၊ ညီညွတ်သော ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) နှင့် တိုင်းရင်းသားလူမျိုးစုများ ဖွ့ံဖြိုးရေးပါတီ တို့ကိုမူ ယနေ့ထိ ပါတီထောင်ခွင့်ပြု ချက် မပေးသေးပေ။

ယခုလ ၆ ရက်နေ့ထိ နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်သည့်ပါတီ ၃၁ ခု အနက် ၂၇ ခုအား ရွေးကောက်ပွဲကော်မရှင်က ထူထောင်ခွင့်ပြုလိုက်ပြီး ဖြစ်ကြောင်း စစ်အစိုးရက ကြေညာထားသည်။

ပါတီထောင်ခွင့်ရရှိရန် စောင့်ဆိုင်းပါရန် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသိန်းစိုးက ယခုလ ရ ရက်နေ့တွင် KSPP ဥက္ကဌ ဒေါက်တာ တူးဂျာနှင့် အတွင်းရေးမှူး ဦးတူးရော်တို့အပါအဝင် အဖွဲ့ဝင် ၄ ဦးကို နေပြည်တော် ကော်မရှင်ရုံး၌ ခေါ်ယူ ရှင်းပြခဲ့သည်ဟု အတွင်းရေးမှူး ဦးတူးရော် က ပြောသည်။

“ခွင့်ပြုမှာပါ။ စိတ်ပူနေမှာဆိုးလို့ ခေါ်ပြောတာပါ။ မစိုးရိမ်ပါနဲ့ နည်းနည်း စောင့်ပေးပါ။ ကေအိုင်အို တွေနဲ့ ဆွေးနွေးနေတာတွေရှိသေးလို့ နည်းနည်းစောင့်ပေးရအောင်လို့ ပြောတယ်” ဟု သူက ပြော သည်။

ကချင်ပြည်နယ်အတွင်း၌ KSPP ပါတီအပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး (တစည)၊ ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ၊ ညီညွတ်သော ဒီမိုကရေစီပါတီ (ကချင် ပြည်နယ်)  တို့လည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

ညီညွတ်သောဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) သည်လည်း KSPP နည်းတူ နိုင်ငံရေးပါတီ တည်ထောင်ခွင့် မကျသေးသော်လည်း တစညနှင့် စစ်အစိုးရဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သည့် ကြံ့ခိုင်ဖွ့ံဖြိုးရေးပါတီ တို့မှာမူ ကချင်ပြည်နယ်တွင် စည်းရုံးရေးများ ဆင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

တချိန်တည်း၌ နယ်ခြားစောင့်တပ်ကို လက်မခံသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တပ်မဟာ ၃ ဌာနချုပ်ရှိရာ တရုတ် နယ်စပ် မိုင်ဂျာယန်မြို့နှင့် အနီးအနားရှိ ကျေးရွာများတွင် စစ်သင်တန်းများ ပို့ချလျှက်ရှိသည်။

အလားတူ ယမန်နေ့ကလည်း KIO မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာ လှဂျာ၊ ဗိုလ်ကြီး ဇောင်းဘောက်ထန်းနှင့် ဗိုလ်ကြီး ဘရန်တောင်တို့က တရုတ်နယ်စပ် မိုင်ဂျာယန်မြို့တွင် လူထု စည်းဝေးပြုလုပ်ခဲ့သည်ဟု သိရသည်။

ကေအိုင်အိုသည် ယခင်လ ၂၂ ရက်နေ့က နယ်ခြားစောင့်တပ်ကို လက်မခံကြောင်း တု့ံပြန်ပြောဆိုခဲ့ပြီး နောက် ၂၈ ရက်နေ့တွင် ဆက်သွယ်/စာတိုက်နှင့်ကြေးနန်းဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်၊ မြောက်ပိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း၊ နေပြည်တော် စာရင်းစစ်ချုပ် ဗိုလ်ချုပ်လွန်းမောင်နှင့် အမှတ် ၁ စက်မှုဝန်ကြီး ဦးအောင်သောင်း၊ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ဘုန်းဆွေ တို့နှင့်လည်း တွေ့ဆုံပြီး ထပ်မံငြင်းဆို ခဲ့သည်။