ရာသီပူပြင်းမှုကြောင့် ရေတွင်း၊ ရေကန်များ ခန်းခြောက်ကာ သောက်သုံးရေ ခက်ခဲနေသော ပဲခူးတိုင်း အတွင်းမှ ကျေးရွာများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီး အဖွဲ့ဝင်များက ရေလှူဒါန်း ကြသည်။
အပူရှိန်ပြင်းသဖြင့် ပဲခူးတိုင်းမှ ပဲခူး၊ ဝေါ၊ သနပ္ပင်၊ ကဝ၊ ဒိုက်ဦး စသည့်မြို့နယ်များရှိ ကျေးရွာပေါင်း ၆ဝ ကျော်မှာ ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းမှစ၍ သောက်သုံးရေ ပြတ်လပ်နေခြင်းဖြစ်သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အမျိုးသမီး တာဝန်ခံ ဒေါက်တာ မေဝင်းမြင့်၊ ဗဟိုအဖွဲ့ဝင် ဒေါ်အေးအေးမာ၊ ပဲခူးတိုင်း အမျိုးသမီးတာဝန်ခံ ဒေါ်လှလှမိုးတို့က ယနေ့တွင် ပဲခူးတိုင်း သနပ္ပင်မြို့နယ်သို့ ရောက်ရှိပြီး ၂ဝ လီတာဆံ့ သောက်ရေသန့်ဗူး ၁၁ဝဝ ကို စတင် လှူဒါန်းခဲ့ကြောင်း သိရသည်။
“ဒီနေ့ သနပ်ပင်ဘက်က ရွာတွေကို စလှူတာပါ။ ကိုယ့်ရှေ့မှာ အလှူရှင်တွေကများတော့ ရေသန့်စက်တွေ လည်ပတ်မနိုင်တော့ သန်ဘက်ခါမှ အလှည့်ကျမှာပါ။ ငွေတော့ ရှင်းပြီးပါပြီ” ဟု ဒေါက်တာမေဝင်းမြင့်က မဇ္စျိမကို ပြောသည်။
ပဲခူးတိုင်းလူငယ်၊ သနပ္ပင်မြို့နယ်လူငယ်များနှင့် ပူးပေါင်းကာ သောက်သုံးရေ လိုအပ်နေသည့် ကျေးရွာများသို့ ဖြန့်ဖြူးပေးသွားမည်ဟုလည်း သိရသည်။
စစ်အစိုးရ ရေးစွဲသည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိ သည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် ရွေးကောက်ပွဲဝင်မည်မဟုတ်ဘဲ လူမှုရေးလုပ်ငန်း များကိုသာ လုပ်ကိုင်ရန် ယခုနှစ် မတ်လ ၂၉ ရက်နေ့က ဆုံးဖြတ်ခဲ့ကြသည်။
“အခုလို လူထုဒုက္ခရောက်လာရင်တော့ NLD က ဝင်လာရမှာပဲ။ ဘယ်နေရာမှာပဲဖြစ်ဖြစ် လူထုဒုက္ခရောက် လာပြီဆိုရင် တတ်နိုင်တဲ့ဘက်က ကူညီရမှာပဲ။ ရုံးလည်း ဖွင့်ထားတယ်။ အဖွဲ့ချုပ်က လူတွေလည်း ရုံးတက်နေ ကြတာပဲ” ဟု ဒေါက်တာမေဝင်းမြင့်က ဆက်ပြောသည်။
ပဲခူးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များက ရေပြတ်နေသော ကျေးရွာများသို့ မေလ ၂ ရက်နေ့မှ စတင်၍ တနိုင်တပိုင် ဖြန့်ဖြူးပေးခဲ့ပြီးနောက် မြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင်များကလည်း သောက်ရေသန့် စက်ရုံုများမှ ရေဝယ်၍ ဖြန့်ဖြူးပေးခဲ့ကြသည်။
ပဲခူးစည်ပင်ဌာနနှင့် ရဲဌာနတို့ကလည်း ရေပေးဝေမှုကို သနပ္ပင်မြို့နယ် ရဲစခန်းမှတဆင့် စတင်နေပြီဖြစ်ကြောင်း ပဲခူးမြို့ အမှတ် (၂) ရဲစခန်းမှ ရဲအရာရှိတဦးက ပြောသည်။ အပူရှိန်ကြောင့် သနပ္ပင် မြို့နယ်အတွင်း၌ လူအသေအပျောက်ရှိသည်ဟု ရဲအရာရှိကပြောဆိုသော်လည်း လူဦးရေအတိအကျကိုမူ ပြောနိုင်ခြင်းမရှိပါ။
“ကျနော်တို့ အမှတ် (၂) ကတော့ ဒီနေ့မှ စလုပ်တာပါ။ ကားကြီး ၂ စီးနဲ့ ချိုးရေရော၊ သောက်ရေရော သနပ္ပင် ကို သွားပို့တာပါ။ စည်ပင်ကတော့ မနေ့က စပေးနေတယ်။ စခန်းမှူးပြောတာ ရွာတော်တော် များတယ် ပြော တယ်။ အမှတ် (၁) နဲ့ (၃) ကလည်း ပို့မယ်လို့တော့ကြားတယ်” ဟု ရဲအရာရှိက မဇ္စျိမကို ပြောသည်။