ကုလသံက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် တိုက်တွန်း

ကုလသံက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် တိုက်တွန်း
by -
မုံပီး
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်က စစ်အစိုးရအား နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းဖြင့် အရပ်ဘက်အုပ်ချုပ်ရေးသို့ ချောမွေ့စွာ အသွင်ကူးပြောင်းရေး ကတိကဝတ်ကို ဖြည့်ဆည်းရန် ယခုလ ၄ ရက်နေ့က

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်က စစ်အစိုးရအား နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းဖြင့် အရပ်ဘက်အုပ်ချုပ်ရေးသို့ ချောမွေ့စွာ အသွင်ကူးပြောင်းရေး ကတိကဝတ်ကို ဖြည့်ဆည်းရန် ယခုလ ၄ ရက်နေ့က တိုက်တွန်းလိုက်သည်။

နိုင်ငံရေးပါတီများအား မှတ်ပုံတင်ခွင့်ပြုထားသော နောက်ဆုံးရက် နီးကပ်ချိန်တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်၍ လေ့လာသုံးသပ်ရန်အတွက် ၂ဝဝ၈ ခုနှစ် မေလကတည်းက ခန့်အပ်ခံရသူ ကုလ အထူးသံတမန် မစ္စတာ သောမတ်စ် အိုဂျေ ကွင်တားနားက တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

သူ၏ ကြေညာချက်ထဲတွင် “အရှိန်ရစပြုနေသည့် ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ရရှိရေးအတွက် ယခုအချိန်သည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ နိုင်ငံရေးအကျဉ်းသား အားလုံးကို အကျဉ်းချထားရာမှ လွှတ်ပေးခြင်းအားဖြင့် ၎င်းတို့၏ [စစ်အစိုးရ၏] ငြိမ်းချမ်းရေးလိုလားမှှုနှင့် ပြည်သူလူထု၏ ဘဝအဆင့်အတန်းများ တိုးတက်ရေးကို အမှန်တကယ် လိုလားမှှု ရှိကြောင်း သက်သေပြသင့်သော ကာလဖြစ်သည်” ဟု ရေးသားထားသည်။

“နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးလိုက်လျှင် ၎င်းတို့အနေဖြင့် နိုင်ငံရေးပါတီများတွင် ပါဝင်ခွင့် ရရှိလာမည်ဖြစ်ပြီး၊ ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မပြုရန် ဆုံးဖြတ်ထားသော နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စဉ်းစားလာကြလိမ့်မည်ဖြစ်ပြီး နိုင်ငံသားအားလုံး ရွေးကောက်ပွဲ ဖြစ်စဉ်တွင် တက်ကြစွာ ပါဝင်ဆင်နွှဲလာကြလိမ့်မည်” ဟု ထိုကြေညာချက်တွင် ဆိုထားသည်။

“၁၉၉ဝ ရွေးကောက်ပွဲအပြီး အနှစ် ၂ဝ အကြာတွင် ပထမဆုံး ကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတကာ အများလက်ခံနိုင်သော အဆင့်အတန်းမီ ရွေးကောက်ပွဲဖြစ်ကြောင်း စစ်အစိုးရက အာမခံနိုင်ရန် အရေးကြီးသည်။ ထိုသို့ဖြစ်ရန်အတွက် စစ်အစိုးရအနေဖြင့် အားလုံး ပါဝင်ဆင်နွှဲနိုင်စေရန် လမ်းဖွင့်ပေးခြင်း၊ ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲ ဖြစ်လာစေရန် ဖန်တီးပေးခြင်းနှင့် မြန်မာနိုင်ငံသားများမှ လွတ်လပ်စွာ စိတ်ကြိုက်ရွေးချယ်နိုင်သည့် အနေအထားမျိုးဖြစ်အောင် ကျင်းပပေးရန် လိုအပ်သည်” ဟု ကုလ အထူးသံတမန်က ဆက်လက် ရေးသားထားသည်။

စစ်အစိုးရသည် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို မကြေညာရသေးသော်လည်း မတ်လ အစောပိုင်းက ရွေးကောက်ပွဲ ဥပဒေများကို ထုတ်ပြန်ကြေညာခဲ့သည်။ နေအိမ်တွင် အထိန်းသိမ်းခံနေရသော နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ နိုင်ငံရေးပါတီ NLD က ထိုရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှှု မရှိဟု ပြောကြားခဲ့သည်။

NLD က ရွေးကောက်ပွဲသည် စစ်အစိုးရ ဆက်လက်ကြီးစိုးရန် အကွက်ချထားပြီး ဒီမိုကရက်တစ် နည်းလမ်းများနှင့် ဆန့်ကျင်နေသဖြင့် ပါဝင်ခြင်း ယှဉ်ပြိုင်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့သည်။ အချို့ တိုင်းရင်းသား နိုင်ငံရေးပါတီများ အပါအဝင် ပါတီအများအပြားမှာလည်း ရွေးကောက်ပွဲတွင် ပါဝင်ရန် ငြင်းဆန်ခဲ့ကြသည်။

၁၉၈၈ ခုနှစ်ကတည်းက အာဏာသိမ်းပိုက်ခဲ့သော စစ်အစိုးရသည် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် အပါအဝင် စစ်ဗိုလ်ချုပ် အများအပြားအား စစ်ဘက်ရာထူးများမှ နုတ်ထွက်စေပြီး ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြရန် စီစဉ်နေခြင်းဖြင့် အလုပ်များနေသည်။

“ရွေးကောက်ပွဲအကြို ပြင်ဆင်နေကြသည့် ကာလအတွင်း စစ်အစိုးရနှင့် အပစ်ရပ်အဖွဲ့များအကြား တင်းမာမှှုများ ဖြစ်ပေါ်နေခြင်းကလည်း ရွေးကောက်ပွဲကို ထိခိုက်စေသည်” ဟု မစ္စတာ ကွင်က ကြေညာချက်တွင် ရေးသားထားသည်။

၎င်းက အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွင် အားလုံးပါဝင်နိုင်မည့် အနေအထားမျိုး ဖန်တီးပေးသင့်ကြောင်း စစ်အစိုးရကို ထပ်မံပြောဆိုခဲ့သည်။

မစ္စတာ ကွင်တားနားက ယခုအချိန်သည် စစ်အစိုးရအနေဖြင့် မြန်မာပြည်သူများ၏ လူ့အခွင့်အရေး အခြေအနေ ပိုမိုတိုးတက်လာစေမည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး ကတိကဝတ်များကို အမှန်တကယ် လိုလားကြောင်း ပြသရန် အချိန်မနှောင်းသေးဟု ယုံကြည်မိကြောင်း သူ၏ ကြေညာချက်တွင် ဆိုထားသည်။