အန်အယ်ဒီ နှစ်ရုံး ဆိုင်းဘုတ်များ ဖြုတ်ချ

အန်အယ်ဒီ နှစ်ရုံး ဆိုင်းဘုတ်များ ဖြုတ်ချ
by -
မြင့်မောင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ရုံး ၂ ရုံးသည် ပါတီသက်တမ်းမကုန်ဆုံးမီ ဆိုင်းဘုတ်များအား ဖြုတ်ချခဲ့ကြကြောင်း စုံစမ်းသိရှိရ...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ရုံး ၂ ရုံးသည် ပါတီသက်တမ်းမကုန်ဆုံးမီ ဆိုင်းဘုတ်များအား ဖြုတ်ချခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။

မန္တလေးတိုင်း မတ္တရာမြို့နယ် NLD ဥက္ကဋ္ဌ ဦးခင်မောင်သန်း နေအိမ်တွင် တင်ထားသည့် ဆိုင်းဘုတ်အား မြို့နယ်စည်း အဖွဲ့ဝင်များ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ယနေ့ နံနက်ပိုင်းတွင် ဖြုတ်ချခဲ့ကြောင်း အမည်မဖော်လိုသူ မန္တလေးရှိပါတီဝင်တဦးက ပြောသည်။

အလားတူပင် ယမန်နေ့က  ပဲခူးမြို့ ပန်းလှိုင်ရပ်ကွက် ၂၃ လမ်းရှိ ပဲခူးမြို့နယ်စည်း ဥက္ကဋ္ဌ ၏ အိမ်နံပါတ် ၉၂ နေအိမ်တွင် တင်ထားခဲ့သော ဆိုင်းဘုတ်ကို ဖြုတ်ချ ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင်များအနေဖြင့် ဆိုင်းဘုတ်၊ အလံများ ဖြုတ်ခြင်းမပြုလုပ်ရန် ပြောကြားခဲ့သည်။ ရန်ကုန်ရှိ ဗဟိုရုံုးချုပ်ကတော့  မြို့နယ်များအနေဖြင့် မိမိတို့ဒေသအလိုက် ညှိနှိုင်းဆုံးဖြတ်ရန် ညွှန်ကြားခဲ့သည်။

ပဲခူးမြို့မှ ပါတီဝင် ဦးမြတ်လှက “ ဆိုင်းဘုတ်ကြီး ရှိခြင်းအားဖြင့် တဖက်ကနေပြီးတော့ ပုဒ်ထီး၊ ပုဒ်မတွေ တပ်လာမှာ စိုးရိမ်တယ်။ အဖွဲ့လည်း မရှိတော့ဘူး။ အဲဒီအချိန် ကျမှာ တရားစွဲတာတို့ ဘာညာဖြစ်မယ်ဆိုရင် ကျနော်တို့က မလိုလားဘူး။ အဲဒါကြောင့်မို့ ချလိုက်တာ ဖြစ်တယ်” ဟု ပြောသည်။

ဗဟန်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် NLD ဗဟိုရုံးချုပ်တွင်တော့ ဆိုင်းဘုတ်နှင့် အလံကို ဆက်လက်ထားရှိသွားမည်ဖြစ်ကာ ပါတီသက်တမ်း ကုန်ဆုံးပြီးနောက် ထိုနေရာ၌ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဆက်လက်အသုံးပြုသွားမည်ဟု ပါတီဝင်များကပြောသည်။

ပါတီမှတ်ပုံတင်ခြင်း မပြုလုပ်သဖြင့် စစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေအရ နိုင်ငံရေးပါတီအဖြစ်မှ မနက်ဖြန်မှ စတင်ကာ အလိုအလျောက် ပျက်ပြယ်မှာ ဖြစ်သည်။

၂ဝဝ၃ ခုနှစ် နောက်ပိုင်း စစ်အစိုးရက အဓမ္မပိတ်သိမ်းခြင်းမတိုင်မီအထိ တနိုင်ငံလုံးတွင် အန်အယ်ဒီ ပါတီရုံးပေါင်း ၃ဝဝ ကျော် တည်ရှိခဲ့သည်။

Most read this week