တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် DKBA ၏ ထိပ်ပိုင်းခေါင်းဆောင် အချို့ကြားတွင် နယ်ခြား စောင့်တပ် အသွင်ပြောင်းရေးအပါ် သဘောထားကွဲလွဲမှုများ ဖြစ်နေကြောင်း တပ်မှူးများက ဝန်ခံပြောကြားသည်။
အင်အား ရဝဝဝ အနည်းဆုံးရှိသော DKBA အင်အားကို စစ်အစိုးရက ၁ဝဝဝ အထိလျော့ချခိုင်းခံနေရစဉ် သဘောကွဲမှုမှာ လူသိရှင်ကြားဖြစ်လာသည်။
“အရင်က DKBA တံဆိပ်၊ DKBA အလံနဲ့နေပြီး အသက်မွေး ဝမ်းကျောင်းလည်း ဒီအပေါ်မှာ လုပ်နေပြီး၊ အဲဒါတွေအားလုံး ရုပ်သိမ်းခံလိုက်ရပြီးတော့.. စစ်တပ်အောက်မှာ မနေချင်ဘူး ဆိုတာမျိုးတွေ ရှိနေတာပေါ့” တပ်မဟာ ၉၉၉ လက်အောက်ခံ တပ်ရင်းမှူးတဦးက မဇ္စျိမကို ပြောသည်။
DKBA တွင် အဓိက စစ်အင်အားအဖြစ် တပ်မဟာ ၃ ခုရှိပြီး ဗိုလ်မှူးချုပ် မောင်ကြည် ဦးဆောင်သော ၃၃၃၊ ဗိုလ်မှူးချုပ် ပြားပြား ဦးဆောင်သည့် ၅၅၅၊ ဗိုလ်မှူးချုပ် ဖားနွီး ဦးဆောင်သည့် ၉၉၉ တို့ဖြစ်ပြီး အမာခံအင်အား ရဝဝဝ ကျော်ရှိ်ရှိမည်ဟု လေ့လာသူများက ခန့်မှန်းထားကြသည်။
နယ်ခြားစောင့်တပ်အဖြစ် ပြောင်းရန်ကို ဥက္ကဌ ဦးသာထူးကျော်က သဘောတူသော်လည်း တပ်မှူးအချို့က မလိုက်နာလိုကြပေ။ သို့သော်လည်း သဘောမတူသော ဘက်က အင်အားမည်မျှရှိသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ဝေဖန်သူများကမူ အပစ်ခတ်ရပ်စဲပြီးနောက် စီးပွားရေးအခွင့်အလမ်းများရနေသော DKBA အနေဖြင့် စစ်အစိုးရကို တင်းတင်းမာမာငြင်းဆန်ရန် ခဲယဉ်းသည်ဟု ပြောသည်။
DKBA-saw-kyaw-san-big
ယခင်လကုန်ပိုင်းက DKBA ဌာနချုပ်ရှိရာ မြိုင်ကြီးငူ၌ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်ချုပ်ဇော်မင်း ဦးဆောင်သည့် အဖွဲ့နှင့် DKBA ခေါင်းဆောင််အချို့ ဆွေးနွေးကြရာ DKBA တပ်မင်းအချို့ မတက်ရောက်ဘဲ ရှောင်နေခဲ့သည်။
နယ်ခြားစောင့်တပ် အသွင်ပြောင်းလျင် DKBA ကို အင်အား ၁ဝဝဝ ကျော်အထိလျော့ချရန် စစ်အစိုးရကညွှန်ကြားမှုနှင့် ပတ်သက်၍ အစည်းအဝေးတွင်လည်း သဘောတူမှုမရဘဲဖြစ်ခဲ့သည်။
ထို့နောက် DKBA တပ်သားတချို့ KNU ကြီးစိုးရာ နယ်မြေအချို့တွင် အရပ်သားအဖြစ် ပြောင်းလဲနေထိုင်ကြသည်ဟု သတင်းများထွက်ပေါ်လာသည်။
ရန်ဘက် ကရင်အမျိုးသားအစည်းအရုံုး (KNU) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စောလှငွေက မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် မပတ်သက်သူ၊ KNU ၏ ဦးဆောင်မှုကို ခံယူနိုင်သူဖြစ်လျှင် လက်ခံမည်ဟု ပြောသည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် တော်လှန်နေသော KNU မှ ခွဲထွက်ကာ ၁၉၉၄ နှစ်ကုန်ပိုင်းတွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးမဟာမိတ်ဖွဲ့ခဲ့သော DKBA မှာ ယခင် KNU ထိန်းချုပ်ရာနယ်မြေအချို့ကို ထိန်းချုပ်ခွင့်နှင့်အတူ သစ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် အခွန်အတုတ် ကောက်ပိုင်ခွင့်တို့ ရရှိသည်။ ထို့အပြင် တပ်အချို့က မက်သာဖိီသမင်း စိတ်ကြွဆေးပြား ရောင်းဝယ်ဖောက်ကားမှုနှင့်ပတ်သက်၍ နာမည်ဆိုး ထွက်သည်။