အပူချိန်တိုးမြင့်နေမှုကြောင့် ရန်ကုန်မြို့ရှိ လေအေးပေးစက် အရောင်းဆိုင်များမှာ ယခင်နှစ်ကထက်စာလျှင် တဆခွဲခန့် ရောင်းအားတက်လာသည်ဟု သိရသည်။
ရန်ကုန်တွင် လေအေးစက်အရောင်းဆိုင် ၅၀ ထက်မနည်း ရှိနေပြီး၊ ဂျပန်၊ မလေးရှား၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ လေအေးစက်များ တင်သွင်းရောင်းချကြရာ တရုတ်နိုင်ငံ Chigo ကုမ္ပဏီထုတ် အရွယ်အစားအမျိုးမျိုးမှာ စျေးနှုန်းချိုသာသဖြင့် ပိုမိုအရောင်းသွက်သည်။ Chigo စျေးနှုန်းမှာမူ ကျပ် ၁ သိန်း ၈ သောင်းမှ ၁၃ သိန်းတန်အထိ ပေါက်စျေးရှိသည်။
ကျောက်တံတားမြို့နယ် ၃၉ လမ်းပေါ်ရှိ လေအေးစက်အရောင်းဆိုင် ပိုင်ရှင်တဦးက “ဒီအပတ်ထဲ အပူချိန်ပိုများလာတော့ ရောင်းအားပိုတက်လာတယ်။ တရက်ကို ၆-၇ လုံးလောက် ရောင်းရတယ်။ အပူချိန်က ၄ဝ ဒီဂရီကျော် မြင့်လာတော့ မခံနိုင်ဘူးလေ။ ” ဟု မဇ္စျိမကို ပြောသည်။
မြန်မာနိုင်ငံအတွင်း ယမန်နေ့ အပူချိန်မှာ မကွေးတိုင်း ချောက်မြို့တွင် ၄၄.၃ စင်တီဂရိတ်၊ မင်းဘူးမြို့တွင် ၄၄.၂၊ မကွေးမြို့တွင် ၄၃၊ မန္တလေးတိုင်း မန္တလေးမြို့တွင် ၄၃.၅၊ မြင်းခြံမြို့တွင် ၄၃ ဒီဂရီစင်တီဂရိတ်ရှိကြောင်း မိုးလေဝသက ထုတ်ပြန်ထားသည်။
“တနေ့တနေ့ ၁ဝ လုံးလောက် ရောင်းရတယ်။ အပူချိန်က တနေ့တနေ့ တိုးလာတယ်။ လူတွေကလည်း ရာသီဥတု အပူဒဏ်ကို ဘာနဲ့ကာကွယ်မလဲဆိုတာ အသိဉာဏ် ရှိလာတယ်လေ။ အရင်နှစ်ကထက် တဆခွဲလောက်ကို တက်လာတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ် လေအေးစက် အရောင်းဆိုင်ပိုင်ရှင်တဦးက မဇ္စျိမကို ပြောသည်။
သို့သော်လည်း လျှပ်စစ်မီးပြတ်တောက်မှုက လေးအေးစက်အရောင်းလိုက်သင့်သလောက် မလိုက်ကြဟု ဆိုင်ရှင်များက ပြောသည်။
ကျောက်တံတားမြို့ ၃၃ လမ်း အထက်ဘလောက်ရှိ လေးအေးစက် ဝယ်ယူသုံးစွဲနေသူတဦးက “ မီးအား တအားကုန်တာ သိပါတယ်။ ဘယ်တတ်နိုင်မလဲ၊ အပူဒဏ်မှ မခံနိုင်တာ။ ပိုက်ဆံမရှိလည်း စုဝယ်ရတာပေါ့။ လေအေးစက်သာ ဝယ်တာပါ၊ မီးမမှန်နိုင်ဘူး။ မီးစက်မရှိတော့ မီးလာချိန် စောင့်နေရတာပေါ့” ဟု ပြောသည်။