နိုင်ငံရေးမှုဖြင့် လူငယ် ရ ဦးကို ရဲက ဖမ်းဆီး

နိုင်ငံရေးမှုဖြင့် လူငယ် ရ ဦးကို ရဲက ဖမ်းဆီး
ရန်ကုန်မြို့ လှည်းတန်း ဘူတာအနီးရှိ တိုက်ခန်းတခုထဲနေ လူငယ် ရ ဦးကို နိုင်ငံရေး လှုပ်ရှားသည်ဟု သံသယဖြင့် ရဲက ဖမ်းဆီးသွားသလို နောက်ထပ် ဖမ်းဆီးမှုများလုပ်ရန် ရှာဖွေနေသေးသည်ဟု အိမ်နီးချင်းများ....

ရန်ကုန်မြို့ လှည်းတန်း ဘူတာအနီးရှိ တိုက်ခန်းတခုထဲနေ လူငယ် ရ ဦးကို နိုင်ငံရေး လှုပ်ရှားသည်ဟု သံသယဖြင့် ရဲက ဖမ်းဆီးသွားသလို နောက်ထပ် ဖမ်းဆီးမှုများလုပ်ရန် ရှာဖွေနေသေးသည်ဟု အိမ်နီးချင်းများ အပြောအရ သိရသည်။

အမှတ် ၂၉ ၊ မြေညီထပ်၊ ၁ လမ်း၊ ကွမ်းခြံမြောက်ပိုင်း ၄ ရပ်ကွက်ကို သောကြာနေ့အလွန် စနေနေ့ နေ့ကူးပြီခါစ အချိန်တွင် ရဲများက လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်။

လက်နက် တပ်ဆင်ထားသော ရဲ ၆၀ ခန့် ဖမ်းဆီးမှုတွင် ပါဝင်ပြီး မိုဘိုင်းတယ်လီဖုန်း ၃ လုံးကို သိမ်းယူသွားကာ အခန်းကိုလည်း ချိတ်ပိတ်လိုက်ကြသည်။

ရန်ကုန်တိုင်း ရဲနှင့် ကမာရွတ် မြို့နယ် ရဲစခန်းတို့က နိုင်ငံရေးမှုကြောင့် ဖမ်းဆီးရပါသည်ဟု အတည်ပြု ပြောကြားသော်လည်း အထက်လူကြီးများ အမှုကို ကိုင်တွယ်နေမှုနှင့် သတင်းထုတ်ပြန်ခွင့်မရှိ ဟုဆိုကာ အသေးစိတ် ဖြေကြားရန် ငြင်းဆန်သည်။

”အိပ်နေတဲ့ အချိန်ဆိုတော့ တချို့ကလည်း စွတ်ကျယ်နဲ့၊ တချို့ကလည်း ဘောင်းဘီတိုတွေနဲ့ ပါသွားတယ်” ဟု အိမ်နီးချင်း တဦးက မဇ္ဈိမသို့ ပြောသည်။

အဖမ်းခံရသူများမှာ ကိုဗိုလ်ဗိုလ်သိန်း၊ ကိုသောင်းထိုက်ဦး၊ ကိုတင်ထွန်း၊ ကိုစိုးမိုးကျော်၊ ကိုစောယဉ်ရှင်၊ ကိုသော်ဇင်နှင့် ကိုအောင်အောင်တို့ ဖြစ်ကြသည်။

ရဲက နောက်ထပ် လူဖမ်းပွဲအတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုနေရာ အနည်းဆုံး တဦးကို သဲကြီးမဲကြီး ရှာနေသည်ဟု သိရသည်။ ရဲက ရှာဖွေနေသူတွင် ကိုကျော်မောင်ဦးဆိုသူ ပါဝင်သည်ဟု သိရသည်။

ရပ်ကွက် အာဏာပိုင်များနှင့် နီးစပ်သော အိမ်နီးချင်းများ ပြန်ပြောပြချက်အရ အဖမ်းခံရသူများမှာ အသက် ၂၀ ကျော်များနှင့် အသက် ၃၀ ပတ်ဝန်းကျင်များဖြစ်ကြပြီး  ယခင် သီတင်းပတ်ကတည်းက ရဲက စောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

”သူတို့ ဒီရပ်ကွက်ထဲ နေတာကြာပြီး၊ ရပ်ကွကထဲ ခိုက်ရန် ဖြစ်ပွားတာတော့ မကြားဖူးဘူး”ဟု အိမ်နီးချင်းတဦးက ပြောသည်။

သင်္ကြန်တွင်း ရန်ကုန်မြို့ ကန်တော်ကြီး X2O ရေကစားမဏ္ဍပ်ရှေ့ ပေါက်ကွဲမှုသုံးခု ဆက်တိုက် ဖြစ်ပွားပြီးနောက် ရဲ၏ ခေါ်ယူစစ်ဆေးမှုများနှင့် ဖမ်းဆီးမှုသတင်းများ ထွက်ပေါ်လာနေသည်။

သတင်းထောက် ဦးဇေယျနှင့် သူ၏သားဖြစ်သူ ကိုစည်သူဇေယျတို့ကို ပေါက်ကွဲမှု ဖြစ်ပွားသော နေရာများကို ဓာတ်ပုံရိုက်မှုဖြင့် ဧပြီ ၁၇ ရက်နေ့က ဖမ်းဆီးခဲ့သည်။

စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရာတွင် ပါဝင်ခဲ့သော စစ်အင်ဂျင်နီယာ တဦး အပြောအရ လူအုပ်ထဲ လက်ပစ်ဗုံး သုံးလုံး ပစ်သွင်းခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသော ပေါက်ကွဲမှုများကြောင့် စစ်ဘက် အရာရှိများနှင့် ပြည်ထဲရေးအောက်ရှိ ရဲနှင့် လုံခြံုရေးဝန်ထမ်းများ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်များ အပါအဝင် လူ ၁၀ ဦးသေဆုံးကာ ၁၇၀ ခန့် ဒဏ်ရာ ရရှိခဲ့သည်။

=================================

Most read this week