ပါတီသက်တမ်းကုန်ကာလအတွက် ကြိုတင်ပြင်ဆင်သောအနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်ခေါင်းဆောင်များက မြို့နယ် ၆ဝ တွင် ကွင်းဆင်း ရှင်းလင်း မှုများ ပြုလုပ်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။
လူထုအကြား လူမှုရေးလုပ်ငန်းများ လုပ်ကိုင်မည့် စီမံကိန်းအတွက် လူငယ်လုပ်ငန်း ဖော်ဆောင်ရေး အဖွဲ့ဝင်များက လွန်ခဲ့သည့် သီတင်းပတ်နှစ်ပတ်အတွင်း ကချင်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းများတို့ လှည့်လည်ပြီး ဆွေးနွေးမှုပြုကြသည်။
“အဓိကကတော့ စုစုစည်းစည်း၊ ညီညီညွတ်ညွတ်နဲ့ အန်တီစု လွတ်လာတဲ့အခါမှာ စုစည်းညီညွတ်ပြီး ပါတီအင်အား ပြုန်းမသွားဖို့၊ လူမှုရေးလုပ်ငန်းတွေကို အဓိက ဆောင်ရွက်လို့ ရတယ်။ ကျနော်တို့ရုံးတွေ ပိတ်ကောင်း ပိတ်နိုင်တယ်၊ ပါတီဆိုင်းဘုတ်တွေ ချကောင်းလည်း ချနိုင်တယ်။ သို့သော် ကျနော်တို့ ပါတီဝင်တွေအချင်းချင်း အဆက်အသွယ်တွေတော့ ရှိနေရမယ်” ဟု စည်းရုံးရေးခရီးစဉ်သွားရောက်ခဲ့သူ လူငယ်လုပ်ငန်း ဖော်ဆောင်ရေး တာဝန်ခံ (၃) ကိုအေးထွန်းက မဇ္စျိမကို ပြောသည်။
“ လူငယ်တွေနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖွင့်မယ်။ ဝါးအစည်း ပြေမသွားအောင်၊ စနစ်တကျ စုစည်းထားနိုင်အောင်လို့ ဒါကို ဆောင်ရွက်ညှိနှိုင်း လုပ်ဆောင် တာပါ။ ပြည်နယ်စည်းကနေပြီးတော့ ရပ်ကျေးတွေရော၊ မြို့နယ်က လူတွေရောကို အစည်းအဝေး ခေါ်ထားတော့ တက်ရောက်လာတဲ့ အဖွဲ့ဝင်တွေကို ရှေ့လုပ်ငန်းစဉ် တွေနဲ့ ပတ်သက်ပြီး ရှင်းပြတယ်။ ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ ရှိရမယ်။ အဖွဲ့အစည်းကတော့ ပျက်သွားတာ မဟုတ်ဘူး။ ဖွဲ့စည်းပုံကတော့ ဒီအတိုင်းပဲ ရှိရမယ်။ ဆောင်ရွက်စရာရှိတာကို ဆက်လက်ဆောင်ရွက်သွားမယ်” ဟု သူက ဆက်ပြောသည်။
လာမည့်လ ၆ ရက်နေ့ ပါတီသက်တမ်း ကုန်ပြီးနောက် အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး၊ HIV/AIDS ဝေဒနာသည်များ စောင့်ရှောက်ရေး အပါအဝင် လူမှုရေး လုပ်ငန်းများ ဆက်လုပ်ရန်အတွက် ရည်ရွယ်ထားကြောင်း မန္တလေးတိုင်း NLD လူငယ်တဦးက မဇ္စျိမကို ပြောသည်။
“ပါတီအနေနဲ့ ရှေ့လာမယ့် အနာဂတ်မှာ ပါတီဆိုင်းဘုတ် မရှိပေမယ့် အဖွဲ့ချုပ် လုပ်ဆောင်နေကျ လုပ်ငန်းတွေကို ဆက်လုပ်သွားမယ်၊ ပါတီမှာ လက်ရှိထမ်းဆောင်နေတဲ့ အဆင့်တွေအတိုင်း ဆက်လုပ်မယ်။ တိုင်းနဲ့ ပြည်နယ်တွေမှာရှိတဲ့ ပါတီဝင်တွေကလည်း လက်ရှိ ပါတီမှာ ထမ်းဆောင်နေတဲ့ အဆင့်တွေအတိုင်းပဲ ဆက်လုပ်သင့်တဲ့ ပါတီ လုပ်ငန်းစဉ်တွေကို ဆက်လုပ်သွားဖို့၊ ပါတီဝင်တွေနဲ့ ညှိနှိုင်းတိုင်းပင်ပြီး လုပ်သွားနိုင်ဖို့ ရည်ရွယ်ထားတယ်” ဟု သူကပြောသည်။
အင်အားအကောင်းဆုံးအချိန်က ပါတီဝင် ၂၂ သန်းအထိ ရှိခဲ့သော အန်အယ်ဒီတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ လူငယ်ဟု သတ်မှတ်ထားကာ ပါတီ၏ ဆုံးဖြတ်ချက် တွင် သြဇာသက်ရောက်မှုရှိသော အင်အားစုတစုဖြစ်သည်။ အခြားသော တိုင်းနှင့် ပြည်နယ်များကိုလည်း လူငယ်ခေါင်းဆောင်များ လှည့်လည်ရန် ပြင်ဆင်ထားသည်။
ပါတီဖျက်သိမ်းခံရလျှင် စုစုစည်းစည်းဖြင့် လုပ်ငန်းဆောင်တာများ ပြုလုပ်ရေး မည်သို့ပြုလုပ်မှာလဲဆိုသည်က ပါတီဝင်များရော စောင့်ကြည့်လေ့လာသူများအကြား စိတ်ဝင်စားမှုဖြစ်နေခဲ့သည်။
တရားမျှတမှုမရှိသော ရွေးကောက်ပွဲဥပဒေများကြောင့် ပါတီအား ပြန်လည်၍ မှတ်ပုံမတင်ရန် ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် ရန်ကုန် NLD ရုံးချုပ်၌ ဗဟိုအလုပ် အမှုဆောင် ကော်မတီ CEC နှင့် ပြည်နယ်/တိုင်း ဗဟိုဦးစီးအဖွဲ့ CC အဖွဲ့ဝင်များ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။