နောက်ဆုံးနေ့အထိ ဒေါ်စုအပေါ် သစ္စာရှိမည်ဟု ဦးခင်မောင်ဆွေ ပြော

နောက်ဆုံးနေ့အထိ ဒေါ်စုအပေါ် သစ္စာရှိမည်ဟု ဦးခင်မောင်ဆွေ ပြော
by -
မြင့်မောင်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် သဘောကွဲ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပါတီများမှတ်ပုံတင်ရမည့် နောက်ဆုံးရက်အထိ ဒေါ်အောင်ဆန်း စုကြည်အပေါ် သစ္စာရှိမှုကို ပြသသွားမည်ဟု....

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် သဘောကွဲ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပါတီများမှတ်ပုံတင်ရမည့် နောက်ဆုံးရက်အထိ ဒေါ်အောင်ဆန်း စုကြည်အပေါ် သစ္စာရှိမှုကို ပြသသွားမည်ဟု ပြောကြားလိုက်သည်။

''NLD ရွေးကောက်ပွဲ မှတ်ပုံတင်ရက် မကျော်မချင်း ဘာမှ လုပ်မှာမဟုတ်ပါဘူး။ NLD အပေါ်မှာ သစ္စာရှိတဲ့အနေနဲ့၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် သစ္စာရှိတဲ့အနေနဲ့ နောက်ဆုံး မေလ ၆ ရက် မရောက်မချင်း၊ မကျော်မချင်း ဘာဆိုဘာမှ ဆုံးဖြတ်မှာ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။

လာမည့် မေလ ၆ ရက်နေ့သည် ရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း လျှောက်ထားရမည့် နောက်ဆုံးနေ့ရက် ဖြစ်သည်။ အဓိက အတိုက်အခံပါတီကြီးဖြစ်သော NLD က စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေများ တရားမျှတမှု မရှိခြင်းကြောင့် ပြန်လည်မှတ်ပုံတင်ခြင်း မပြုရန် တခဲနက်ဆန္ဒဖြင့် ဆုံးဖြတ်ထားသည်။

သို့သော် နောက်ပိုင်းတွင် ဦးခင်မောင်ဆွေက ပါတီကို ဝေဖန်မှုများကို လူသိရှင်ကြား ပြုလုပ်သေးသောအခါ ဦးခင်မောင်ဆွေ ရွေးကောက်ပွဲ ဝင်လိမ့်မည်ဟူသော ကောလာဟလများလည်း ထွက်ပေါ်လာသည်။

“ရွေးကောက်ပွဲ ဝင်ပြိုင်မယ်ဆိုတာ မဟုတ်ပါဘူး။ ကျနော်တို့အနေနဲ့ တသီးပုဂ္ဂလအနေနဲ့လည်း ဝင်ပြိုင်ဖို့ ဆုံးဖြတ်ထားတာ မရှိသေးပါဘူး။ ဘေးကလူတွေက ထင်ကြေးတွေနဲ့ ပြောနေကြတာပါ။ လောလောဆယ် ဘာမှ လုပ်ဖို့ ရည်ရွယ်ချက် မရှိသေးပါဘူး။ စောင့်ကြည့်နေတာပဲ ရှိပါတယ်'' ဟု လက်ရှိ NLD ပြန်ကြားရေး အဖွဲ့ဝင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေက မဇ္စျိမကို ပြောသည်။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အတိုက်အခံပါတီကြီး NLD ကဲ့သို့ ပါတီဟောင်းများအနေဖြင့် ပြန်လည်၍ မှတ်ပုံမတင်ပါက ပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဖြစ်သည်။

ပါတီမှတ်ပုံတင်ရန် သဘောထားရှိခဲ့သူ နောက်တဦးဖြစ်သည့် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာသန်းငြိမ်း (ရန်ကုန်တိုင်း ဒုဥက္ကဋ္ဌ) ကလည်း ပါတီမှတ်ပုံတင် နောက်ဆုံးရက်နေ့အထိ NLD  အပေါ် သစ္စာရှိသွားမည်ဟု ပြောသည်။

“မေလ ၆ ရက်နေ့ မတိုင်ခင် NLD ရှိနေသမျှ ကျနော်တို့က အဖွဲ့ဝင်တွေပဲလေ။ ကျနော်တို့အနေနဲ့ ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်လို့ ဆုံးဖြတ်ထားတာတွေ မရှိပါဘူး” ဟု သူက ပြောသည်။

သို့သော်လည်း နှစ်ဦးလုံးက မေလ ၆ ရက်နေ့ကျော်လျှင် ဘာလုပ်မည်ဆိုသည်ကို ဖြေကြားရန် ငြင်းဆိုသွားသည်။

Most read this week