ပလောင်ပါတီ မှတ်ပုံတင်

ပလောင်ပါတီ မှတ်ပုံတင်
by -
ကျော်ခ
တောခိုလက်နက်ကိုင် အဖွဲ့ဟောင်း ပလောင်အမျိုးသားပါတီက နိုင်ငံရေးပါတီ ထူထောင်ခွင့် လျှောက်ထားလိုက်ရာ မှတ်ပုံတင်ခွင့်လျှောက်သော တိုင်းရင်းသား အခြေပြုပါတီ ၉ ဖွဲ့....

တောခိုလက်နက်ကိုင် အဖွဲ့ဟောင်း ပလောင်အမျိုးသားပါတီက နိုင်ငံရေးပါတီ ထူထောင်ခွင့် လျှောက်ထားလိုက်ရာ မှတ်ပုံတင်ခွင့်လျှောက်သော တိုင်းရင်းသား အခြေပြုပါတီ ၉ ဖွဲ့ ရှိသွားပြီဖြစ်သည်။

ပါတီထူထောင်ခွင့် လျှောက်ထားသော စုစုပေါင်း ၁၉ ဖွဲ့တွင် ကရင်၊ ပအိုဝ့်၊ ကချင်၊ ချင်း၊ မြို ခေါ် ခမီ၊ ရှမ်း၊ ပလောင်၊ ဝ’ စသည့် တိုင်းရင်းသားများမှ ၉ ပါတီ ဖြစ်သည်။

ယခုလ ၈ ရက်နေ့က ပလောင်အမျိုးသားပါတီက လျှောက်လွှာတင်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကျောက်မဲ၊ ကွတ်ခိုင် မြို့နယ်များမှ ဝင်ပြိုင်မည်ဟု သိရသည်။

“ပလောင် တိုင်းရင်းသားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရအောင်ပေါ့ဗျာ။ ဒေသဖွ့ံဖြိုးတိုးတက်အောင်ပေါ့။ အဲဒါကြောင့် ရတဲ့အနေအထား၊ ရတဲ့အဆင့်က နေပြီးတော့ ဝင်ကြည့်ရတာပေါ့” ဟု အထွေထွေအတွင်းရေးမှူး မိုင်းအုန်းခိုင်က မဇ္စျိမကို ပြောသည်။

သို့သော် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသား ပြည်သူများ၏ အခွင့်အရေးကို အကာကွယ် မပေးနိုင်ကြောင်းကိုမူ မိုင်အုန်းခိုင်က ဝန်ခံပြောဆိုသည်။

လက်ရှိ အဖွဲ့ဝင်ဦးရေ ၅ဝ ရှိသော ပါတီ၏ ဥက္ကဋ္ဌ မိုင်းအိုက်မုန့် အပါအဝင် အများစုမှာ ယခင် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ် Palaung State Liberation Army မှ ဖြစ်သည်။ PSLA သည် ၁၉၆၃ ခုနှစ်မှစ၍ လက်နက်ကိုင် တော်လှန်ခဲ့သော်လည်း ၂ဝဝ၅ ခုနှစ်တွင် စစ်အစိုးရထံသို့ အပြီးတိုင် လက်နက်ချခဲ့သည်။

အပစ်ခတ်ရပ်စဲလိုက်ချိန်ကပင် အဖွဲ့ဝင်အချို့က မကျေနပ်၍ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး Palaung State Liberation Front ကို ထိုင်း-မြန်မာနယ်စပ် တွင် ထူထောင်လိုက်ကြသည်။

PSLF ဥက္ကဋ္ဌ မိုင်းအိုက်ဖုန်းက ရွေးကောက်ပွဲဝင်ခြင်းဖြင့် ပလောင်တို့အတွက် အကျိုးမဖြစ်နိုင်ဟု ပြောသည်။

“၂ဝဝ၈ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲဥပဒေကို ကြည့်မယ်ဆိုရင် နအဖရဲ့ ပါတီတွေကလွဲရင် တိုင်းရင်းသားပါတီတွေဟာ အဖြည့်ခံသာဖြစ်တယ်။  အဲဒါကြောင့် ပလောင် လူမျိုးတွေအတွက် အထောက်အကူ ဖြစ်လိမ့်မယ်လို့ မယုံကြည်ဘူး” ဟု မိုင်းအိုက်ဖုန်းက ပြောသည်။

သူက PLSA လက်နက်အပ်လိုက်ပြီးချိန်မှစ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း မလုပ်နိုင်တော့ခြင်းကို ထောက်ပြ ပြောဆိုသွားသည်။

ပါတီထူထောင်ခွင့် လျှောက်သည့် ပါတီများအနက်မှ စစ်အစိုးရနှင့် ရင်းနှီးသည့် ဦးအေးလွင်နှင့် သူ၏ ညီအရင်းဖြစ်သူ ဦးရဲထွန်းတို့ ခေါင်းဆောင်ကြသော “၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)” နှင့် “ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်” တို့ကို ပါတီထူထောင်ခွင့် ယမန်နေ့က ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

==========================

Most read this week