အောင်လံလယ်မြေ အငြင်းပွားမှု မပြီးပြတ်နိုင်သေး

အောင်လံလယ်မြေ အငြင်းပွားမှု မပြီးပြတ်နိုင်သေး
by -
ဖနိဒါ
အောင်လံမြို့နယ်ရှိ တောင်သူလယ်သမားများနှင့် မြန်မာ့ဦးပိုင်လက်အောက်ရှိ သကြားစက်အာဏာပိုင်များအကြား လယ်ယာမြေပိုင်ဆိုင်မှု အငြင်းပွားနေသည်မှာ မပြီးပြတ်သေးသဖြင့် တောင်သူများမှာ လယ်ယာပြန်လုပ်ခွင့် မရသေးဘဲ...

အောင်လံမြို့နယ်ရှိ တောင်သူလယ်သမားများနှင့် မြန်မာ့ဦးပိုင်လက်အောက်ရှိ သကြားစက်အာဏာပိုင်များအကြား လယ်ယာမြေပိုင်ဆိုင်မှု အငြင်းပွားနေသည်မှာ မပြီးပြတ်သေးသဖြင့် တောင်သူများမှာ လယ်ယာပြန်လုပ်ခွင့် မရသေးဘဲ ဖြစ်နေသည်။

စမ်းကလေးကျောင်းစုနှင့် ရွာမစုကျေးရွာရှိ တောင်သူများက ဘိုးဘွားအစဉ်ဆက်လုပ်ခဲ့သော မြေများဖြစ်သည်ဟု စွဲကိုင်ကြပြီး သကြားစက်ဘက်က မြေလွတ်မြေရိုင်း ဖြစ်သဖြင့် သိမ်းပိုက်နိုင် သည်ဟုဆိုကာ အမှုအခင်း ဖြစ်ခဲ့ကြသည်။

တောင်သူ ၁၁ ဦးမှာ ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုတို့ဖြင့် ထောင်ဒဏ် ၉ လမှသည် ၄ နှစ်အထိ ချမှတ်ခံရသော်လည်း ILO ၏ ကြားဝင်ဆောင်ရွက်ပေးမှုဖြင့် ၄ လအကြာ ပြန်လည် လွတ်မြောက်ခဲ့သည်။

သို့သော်လည်း ရုံးဆိပ် သကြားစက်နှင့် တောင်သူ နှစ်ဘက်လုံးက စမ်းတောင်ကွင်း ၃၉ ဘီနှင့် စီတို့မှ မြေယာ ၃၂၅ ဧကကို ပိုင်ဆိုင်ကြကြောင်း မကွေးတိုင်းမြေစာရင်း ဦးစီးဌာနသို့ အသီးသီး လျှောက်ထားကြရာ အဆုံးအဖြတ် မထွက်လာသေးဘဲ ရှိနေသည်။

စစ်တပ်အရာရှိ သကြားစက်ရုံမှူး ဗိုလ်မှူးရဲနိုင် ပါဝင်ပတ်သက်နေသော အမှုမှာ မြေစာရင်းဌာန အနေဖြင့် အချိန်ဆွဲထားသည်ဟု လယ်သမားများက သံသယဖြစ်ကာ ILO ကို တိုင်ကြားရန် ပြင်ဆင်နေကြသည်။

မတ်လ ၁၆ ရက်နေ့က မြေစာရင်းရုံးသို့ လျှောက်ထားသော တောင်သူ ၃၈ ဦးအနက် ဖေဖော်ဝါရီလအတွင်းက လွတ်မြောက်ခဲ့သော တောင်သူများအနက်မှ ရ ဦး ပါဝင်သည်။

ရန်ကုန်ရှိ ILO ရုံးတာဝန်ခံတဦးကမူ ထိုသို့သော ပိုင်ဆိုင်မှု အငြင်းပွားကိစ္စများကို ILO က ဝင်ရောက် စီမံပိုင်ခွင့် မရှိကြောင်း ပြောသည်။

“ကျနော်တို့ ILO နဲ့တော့ ဒီလိုကိစ္စမှာ စီမံပိုင်ခွင့် မရှိဘူး။ ဒီ ၃၉ မြေကွင်း ရဖို့အတွက် နဂိုက သကြား စက်ပိုင်တယ်ဆိုပြီးတော့ အခုကျတော့ သကြားစက်က ပြန်လျှောက်လာတယ် ဆိုတော့ အဲဒီကိစ္စကို နိုင်ငံတော်က ဖြေရှင်းပေးရမှာပါ” ဟု သူက မဇ္စျိမကို ပြောသည်။

ပုံမှန်အားဖြင့် နှမ်း၊ ပဲတီစိမ်း၊ မြေပဲ (သုံးလပဲ) စသည့် သီးနှံ များကို စိုက်ပျိုးကြရာ မေလ ဒုတိယ ပတ်အတွင်း သီးနှံများ မစိုက်ပျိုးလျှင် သီးနှံအထွက်နှုန်း ကောင်းမည် မဟုတ်ဟု တောင်သူများ ဘက်က စိုးရိမ်နေကြသည်။

၂ဝဝ၈ ခုတွင် အောင်လံမြို့နယ် အမှတ် ၅ သကြားစက် အာဏာပိုင်များက ယာမြေ ဧက ၂ဝဝဝ ခန့်ကို သိမ်းယူကာ ကြံစိုက်ခိုင်းသည့်အတွက် မကျေနပ်သဖြင့် ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ် ILO ကို တိုင်ကြားခဲ့သူ တောင်သူ ၁၁ ဦး ယခင်နှစ် နိုဝင်ဘာလက အဖမ်းခံခဲ့ကြရသည်။

တောင်သူများထံမှ ယာမြေများ အသိမ်းခံရပြီးနောက် ILO သို့ စာတင်ရာတွင် ကူညီပေးခဲ့သည့် အောင်လံမြို့မှ ကိုဇော်ဌေးမှာမူ နိုင်ငံတော် လျို့ဝှက်ချက် ပေါက်ကြား မှုဖြင့် သရက်ထောင်၌ ထောင် ဒဏ် ၁ဝ နှစ် ကျခံနေရဆဲဖြစ်သည်။