ရန်ကုန်သင်္ကြန်ပေါက်ကွဲမှု လက်ပစ်ဗုံးများ ဖြစ်သည်ဟုဆို

ရန်ကုန်သင်္ကြန်ပေါက်ကွဲမှု လက်ပစ်ဗုံးများ ဖြစ်သည်ဟုဆို
ကန်တော်ကြီး X2O မဏ္ဍပ်ရှေ့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများတွင် လက်ပစ်ဗုံးအမျိုးအစားဖြစ်သည်ဟု စုံစမ်းစစ်ဆေးရာတွင် ပါဝင်ခဲ့သူ စစ်အင်ဂျင်နီယာ တပ်အရာရှိ တဦးက....

ကန်တော်ကြီး X2O မဏ္ဍပ်ရှေ့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများတွင် လက်ပစ်ဗုံးအမျိုးအစားဖြစ်သည်ဟု စုံစမ်းစစ်ဆေးရာတွင် ပါဝင်ခဲ့သူ စစ်အင်ဂျင်နီယာ တပ်အရာရှိ တဦးက ပြောသည်။

စစ်မြေပြင်အင်ဂျင်နီယာတပ်၊ မှှုခင်းရဲတို့ပါဝင်သော အဖွဲ့က ဧပြီလ ၁၅ ရက်နေ့က ပေါက်ကွဲမှုဖြစ်ခဲ့သော နေရာများကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး စစ်ဒေသမှူးနှင့် ရဲတိုင်းမှူးတို့က ကွပ်ကဲမှုပေးခဲ့သည်။  မဏ္ဍပ်ရှေ့ ရှုပ်ထွေးနေသော လူအုပ်အကြားသို့  လက်ပစ်ဗုံးသုံးလုံးကို ကိုက်အနည်းငယ်အကွာမှ ပစ်သွင်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် လက်ပစ်ဗုံးစနက်တံ နှစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်ဟု အမည်မဖော်လိုသူ အရာရှိက ပြောသည်။

"လူအုပ်ကြားထဲ ပစ်ထည့်လိုက်တာပါ။ Safety Pin နှစ်ခုကို ရှာတွေ့တယ်။ တွေ့တဲ့နေရာနှစ်ခုက ကိုက် ၂ဝ လောက်ခြားတယ်။" ဟု သူကပြောသည်။

ပေါက်ကွဲမှုတွင် ဝမ်းဗိုက်ဒဏ်ရာရရှိခဲ့သည့် ရန်ကုန်တိုင်း အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှူးကြီး အုံးချို မှာ ပေါက်ကွဲမှုဖြစ်ပွားခါနီးအချိန်မှ X2O မဏ္ဍပ်အနီးရှိ လုံခြံုရေးတပ်ဖွဲ့များ စုဝေးရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုများကြောင့် ၉ ယောက်သေဆုံးခဲ့ပြီး ၁၇ဝ ယောက်အထိ ဒဏ်ရာရခဲ့ရသည်။ သို့သော် ဧပြီ (၁၈) တွင် ရန်ကုန်ဆေးဆေးရုံကြီးတွင် တက်ရောက်ကုသနေသော ဗုံးလူနာ ၅ဝ ကျော်ပဲ ကျန်တော့ကာ အများစုမှာ ဦးနှောက်နှင့်အာရုံကြောကုသရေးဆောင်တွင်ဖြစ်သည်။

စစ်မြေပြင် အင်ဂျင်နီယာတပ်မှ အရာရှိက- " ဖြစ်တဲ့အချိန် မဏ္ဍပ်ရှေ့မှာ လူ ၃ဝဝ နဲ့ ၄ဝဝ ကြားလောက် ရှိနေခဲ့တယ်လို့ သိရတယ်။ ကားလမ်းပေါ်မှာ လူတွေကနေတဲ့ အချိန်မို့လို့ ချိန်ကိုက်ဗုံး မဖြစ်နိုင်ဘူးလို့ အစကတည်းက တွက်မိပါတယ်။ နောက်မဏ္ဍပ် စပွန်ဆာပေးထားတဲ့ စီးကရက်ဘူးတွေကို မဏ္ဍပ်ပေါ်က ကြဲချနေတယ်၊ အဲ့ဒီစီးကရက်ဘူးတွေကို အောက်ကလူတွေလဲ ပြန်ပစ်တာမျိုးတွေ ရှိနေခဲ့တယ်လို့ သိရတယ်။ စီးကရက်ဘူးတွေနဲ့ တခြားပစ္စည်းတွေနဲ့အတူတူ Grenade ကို ရောပြီး ပစ်ထည့်တာလို့ ခန့်မှန်းရပါတယ်။"ဟု ဆိုသည်။

အစိုးရအရာရှိများ ရောက်ရှိချိန် အချိန်ကိုက်ဖြစ်ပွားခြင်းဖြစ်၍ ယင်းတို့အား ဦးတည်တိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်မဖြစ်နိုင် မေးမြန်းခဲ့ရာတွင် အတိအကျပြောဆိုနိုင်ခြင်း မရှိကြောင်း စစ်ဆေးမှုတွင် ပါဝင်ခဲ့သူ အဆိုပါအရာရှိကဆိုသည်။