ဗုံးကွဲမှုတွင် တိုင်းစစ်ဒေသမှူး ပြင်းထန်စွာ ဒဏ်ရာရ

ဗုံးကွဲမှုတွင် တိုင်းစစ်ဒေသမှူး ပြင်းထန်စွာ ဒဏ်ရာရ
by -
မြင့်မောင်
ရန်ကုန်မြို့ ကန်တော်ကြီးရှိ X2O ရေပက်မဏ္ဍပ်တွင် ယခုလ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့) က ဗုံး ၃ လုံး ဆက်တိုက်ပေါက်ကွဲမှုတွင် တိုင်းစစ်ဒေသမှူးတဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း...

ရန်ကုန်မြို့ ကန်တော်ကြီးရှိ X2O ရေပက်မဏ္ဍပ်တွင် ယခုလ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့) က ဗုံး ၃ လုံး ဆက်တိုက်ပေါက်ကွဲမှုတွင် တိုင်းစစ်ဒေသမှူးတဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှုးကြီးပြံုးချိုသည် လုံခြံုရေးအရ မဏ္ဍပ်များကို လိုက်လံစစ်ဆေးနေစဉ် X2O မဏ္ဍပ်အရောက် ဒုတိယဗုံး ပေါက်ကွဲသဖြင့် ဝမ်းဗိုက်တွင် ဗုံးဆံများ ထိမှန်သွားရာ မင်္ဂလာဒုံ စစ်ဆေးရုံတွင် ကုသမှု ခံယူနေရသည်။ ဒဏ်ရာပြင်းထန်မှုရှိသည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။

ပေါက်ကွဲမှုများကြောင့် လူ ၈ ဦး သေဆုံးပြီး လူဦးရေ ၁၇ဝ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း စစ်အစိုးရက အစောပိုင်းက ထုတ်ပြန်ကြေညာခဲ့သော်လည်း သေဆုံးသူဦးရေ တိုးလာသည်ဟု ရဲအချို့က ပြောသည်။

ရဲမှူးကြီးတဦးနှင့် ဒုရဲအုပ်အဆင့်ရှိသူတဦးတို့လည်း သေဆုံးသွားပြီး မင်္ဂလာတောင်ညွန့်မြို့နယ် မယက ဥက္ကဋ္ဌမှာမူ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ယခုအခါ ရန်ကုန်ဆေးရုံကြီးတွင် ဒဏ်ရာရရှိသူများအနက် ၄၄ ဦးသည် ဆက်လက်၍ ဆေးဝါးကုသမှု ခံယူနေရကာ၊ ဒဏ်ရာပြင်းထန်သူမှာ ဦးရေ ၂ဝ ခန့် ရှိနေသေးကြောင်း သိရသည်။

ဗုံးကွဲအပြီး ၂ ရက်အကြာတွင် စာရေးဆရာ လင်းယုန်မောင်မောင် (ကွယ်လွန်) ၏ သားဖြစ်သူ ဦးဇေယျနှင့် သူ၏ သားဖြစ်သူ စည်သူဇေယျအား ရဲက မေးမြန်းရန် ခေါ်ဆောင်သွားကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတဦးက ပြောသည်။

“နှစ်ဆန်းတရက်နေ့က ညနေပိုင်းက သူတို့ သားအဖ နှစ်ယောက်ကို လာခေါ်သွားတယ်။ ရပ်ကွက်လူကြီးနဲ့ SB တွေ စုစုပေါင်း ၁ဝ ဦးလောက် ပါတယ်။ မေးစရာရှိလို့ဆိုပြီး ခေါ်သွားတယ်။ ဘာကြောင့် ခေါ်သွားတယ် ဆိုတာကိုတော့ ပြောမသွားဘူး” ဟု အမည်မဖော်လိုသူ မိသားစုဝင် တဦးက ပြောသည်။

အခင်းဖြစ်ပွားသောနေရာကို ဓာတ်ပုံရိုက်သည်ဟု ရဲက သံသယရှိမှုနှင့် ပတ်သက်ဖွယ်ရှိသည်ဟု ရန်ကုန်စာပေအသိုင်းအဝိုင်းက ယူဆနေကြသည်။

မြို့နယ်ရပ်ကွက်ရုံးအချို့တွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မသင်္ကာသူများအား ဖမ်းဆီးရန်အတွက် ကူညီသတင်းပေးသူကို  ဆုငွေအဖြစ် ကျပ် ၁၀ သိန်း ပေးမည်ဟု အာဏာပိုင်များက ကြေညာထားသည်။

Most read this week