အတာသင်္ကြန် ၄ ရက်အတွင်း အလုပ်သမားများအား ခိုင်းစေပါက လုပ်အားခ နှစ်ဆပေးရန် အလုပ်သမားဝန်ကြီးဌာနက ရန်ကုန်တိုင်းရှိ လုပ်ငန်းရှင်များကို ယခုတပတ်အတွင်း ညွှန်ကြားခဲ့ကြောင်း သိရသည်။
ယခုလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ သင်္ကြန်ကာလအတွင်းဖြစ်ပြီး၊ ရုံးပိတ်ရက် ခံစားခွင့်ပေးရန်နှင့် အကယ်၍ ခိုင်းစေမည်ဆိုပါက မြို့နယ်အလုပ်သမားရုံးသို့ အကြောင်းကြားရန်ပါ ဝန်ကြီးဌာနက ညွှန်ကြားသည်။
“သင်္ကြန်တွင်းမှာ စက်ရုံတွေအကုန် အစိုးရရုံးပိတ်ရက်အတိုင်း ပိတ်ဖို့ ညွှန်ကြားထားတယ်။ ဒီကြားထဲမှာ ဖွင့်မယ်ဆိုရင် အလုပ်သမားရုံးကို ကြိုတင်အကြောင်းကြားရမယ်။ နောက် လုပ်ခ ၂ ဆ ပေးရမယ်” ဟု မြောက်ဒဂုံမြို့နယ် အလုပ်သမားရုံးမှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။
သူက ဆက်ပြီး “ကြိုတင်အကြောင်းမကြားဘဲ လုပ်ငန်းလည်ပတ်ရင် အရေးယူဖို့တော့ ညွှန်ကြားထားတယ်။ ဘယ်လိုပုံစံနဲ့ အရေးယူမလဲတော့ မသိဘူး” ဟု ပြောသည်။
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနက ၁၉၅၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေအရ ယခုနှစ်အတွက် ထုတ်ပြန်ခြင်းဖြစ်ပြီး စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီများနှင့် စတိုးဆိုင်များ၊ စားသောက်ဆိုင်များ အားလုံး အကျုံးဝင်မည်ဖြစ်သည်။
လှိုင်သာယာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံနှင့် ရွှေပြည်သာ စက်မှုဇုန်များရှိ စက်ရုံအချို့ကို ဆက်သွယ်မေးမြန်းကြည့်ရာ အစိုးရရုံးပိတ်ရက်အတိုင်း စက်ရုံပိတ်မည်ဟု ကြေညာထားပြီး ပိတ်ရက်များအတွက် လုပ်ခဖြတ်တောက်မှု မရှိကြောင်း ပြောဆိုကြသည်။
“ကျမတို့ စက်ရုံမှာ အစိုးရရုံးပိတ်ရက်အတိုင်း စက်ရုံပိတ်ဖို့ ကြေညာထားပြီးသွားပြီ။ လခလည်း မဖြတ်ပါဘူး။ လစာအပြည့်နဲ့ ခွင့်ရတယ်ဆိုတော့ ပျော်တာပေါ့” ဟု လှိုင်သာယာ စက်မှုဇုန် ၂ ရှိ ဆေးဆိုးပန်းရိုက်စက်ရုံ ဝန်ထမ်းတဦးက ပြောသည်။
မြန်မာ့နှစ်ကူးသင်္ကြန်ကာလ အစိုးရ ရုံးပိတ်ရက်များမှာ ယခုလ ၁ဝ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဖြစ်သည်။
“ဒီလို လုပ်ခ ၂ ပေးဖို့ ထုတ်ပြန်တာမျိုး အရင်က မကြားဖူးပါဘူး။ ဒါက ပထမဆုံးဖြစ်မယ်။ မနှစ်က သင်္ကြန်ကလည်း ဒါမျိုး မထုတ်ပြန်ဘူး” ဟု ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်မှ သတင်းထောက်တဦးက ပြောသည်။
ယခုနှစ် နှစ်ဆန်းပိုင်းကာလအတွင်း ရန်ကုန်မြို့ရှိ စက်မှုဇုန်များ၌ အလုပ်သမားဆန္ဒပြပွဲများ ဆက်တိုက်ဆိုသလို ပေါ်ပေါက်ခဲ့သဖြင့် အလုပ်သမားအခွင့်အရေး ဖော်ဆောင်ပေးခြင်း ဖြစ်နိုင်ကြောင်း သူက ဆက်ပြောသည်။
ဝန်ကြီးဌာနက ရန်ကုန်တိုင်းအတွက် ယခုလို ညွှန်ကြားခဲ့သော်လည်း မန္တလေးမြို့ရှိ လုပ်ငန်းရှင်အချို့ကမူ မြို့နယ်အလုပ်သမားရုံးများက ယခုထက်တိုင် တစုံတရာ ညွှန်ကြားခြင်းမျိုး မရှိခဲ့ကြောင်း ပြောကြသည်။
“ကျနော်တို့ စက်ရုံကို ဘာညွှန်ကြားချက်မှ ရောက်လာတာ မရှိဘူး။ အစိုးရ ရုံးပိတ်ရက်အတိုင်းတော့ မပိတ်ပါဘူး။ သင်္ကြန် ၄ ရက်တော့ ပိတ်ပါတယ်။ အလုပ်လည်း မခိုင်းပါဘူး” ဟု ပြည်ကြီးတံခွန်မြို့နယ်မှ ပဲခွဲစက်ပိုင်ရှင် တဦးက ပြောသည်။
ယခုနှစ် ဖေဖော်ဝါရီလမှ မတ်လအတွင်း လုပ်အားခ တိုးမြှင့်ပေးရန်နှင့် အလုပ်ချိန် လျော့ချပေးရန် ရန်ကုန်တိုင်း ရွှေပြည်သာ၊ အင်းစိန်၊ လှိုင်သာယာ၊ တောင်ဒဂုံ စက်မှုဇုန်များ၌ အလုပ်သမား ထောင်ပေါင်းများစွာ ပါဝင်သည့် အလုပ်သမား သပိတ်များ ၁ဝ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။