စက်သုံးဆီ အရောင်းဆိုင် ပုဂ္ဂလိက မလွှဲနိုင်သေး

စက်သုံးဆီ အရောင်းဆိုင် ပုဂ္ဂလိက မလွှဲနိုင်သေး
by -
ကျော်ခ
စက်သုံးဆီအရောင်းဆိုင်များကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ယခုလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ လွှဲပြောင်းရန် စစ်အစိုးရက စီစဉ်ထားသော်လည်း ယနေ့ထိတိုင် အပြီးသတ် လွှဲပြောင်းနိုင်ခြင်း မရှိသေးကြောင်း မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းက...

စက်သုံးဆီအရောင်းဆိုင်များကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ယခုလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ လွှဲပြောင်းရန် စစ်အစိုးရက စီစဉ်ထားသော်လည်း ယနေ့ထိတိုင် အပြီးသတ် လွှဲပြောင်းနိုင်ခြင်း မရှိသေးကြောင်း မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းက ပြောသည်။

တနိုင်ငံလုံးရှိ စက်သုံးဆီဆိုင်ပေါင်း ၂၅၆ ဆိုင်ထဲမှ အစိုးရဌာနဆိုင်ရာများ အသုံးပြုသည့် ဆိုင်များမှလွဲ၍ ၂၄၆ ဆိုင်ကို ပုဂ္ဂလိကလက်သို့ လွှဲပြောင်းပေးအပ်ရန် မြန်မာနိုင်ငံ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်က စီစဉ်ထားသည်။

“မလွှဲရသေးဘူး။ လွှဲပြောင်းရေးကိစ္စတွေ ဆောင်ရွက်ဆဲပဲ ဖြစ်နေသေးတာ” ဟု လွှဲပြောင်းရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေရသော နေပြည်တော်ရှိ အရာရှိတဦးက ပြောသည်။

”စက်သုံးဆီဆိုင်တွေကို လိုချင်တဲ့ လူတွေကတော့ အများကြီးပေါ့ဗျာ” ဟု သူက ဆိုသည်။

လွှဲပြောင်းရယူလိုသူသည် စက်သုံးဆီဆိုင်အတွက် သတ်မှတ်ထားသော တန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းကို ပေးသွင်းထားရန်နှင့် သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချရန်၊ ဆီပြတ်မှုမရှိစေရန်၊ ကော်မရှင်ကို အကြောင်းကြားရန် သဘောတူညီရသည်ဟု စည်းကမ်းချက်တွင် ပါရှိကြောင်း စုံစမ်းသိရှိရသည်။

ဦးတေဇနှင့် ဦးအောင်သက်မန်းတို့ ဦးဆောင်ပြီး  စက်သုံးဆီတင်သွင်းရောင်းချ၊ ဖြန့်ဖြူးသူများအသင်းကို ယခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်းက ဖွဲ့စည်းခဲ့ပြီး၊ စစ်အစိုးရ၏ လက်ရင်းလူယုံ လုပ်ငန်းရှင်အနည်းဆုံး ၁ဝ ဦး ပါဝင်သည်။ သို့သော်လည်း အဖွဲ့ ဖွဲ့စည်းမှုကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။

ရန်ကုန် သီလဝါဆိပ်ကမ်းနယ်မြေတွင် ပုဂ္ဂလိကပိုင် စက်သုံးဆီဆိပ်ခံတားများ တည်ဆောက်ခြင်းနှင့် ဆီသိုလှောင်ကန်များ တည်ဆောက်ခြင်းအတွက် ကုမ္ပဏီ ၁၅ ခုကို ချထားပေးပြီးဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးက ပြောသည်။

အခြားသော ကုမ္ပဏီများ လျှောက်ထားမှုလည်း ရှိနေကြောင်း ပြောဆိုသော်လည်း အသေးစိတ် ပြောရန်ကိုမူ ငြင်းဆန်လိုက်သည်။

ပုဂ္ဂလိကပိုင် ပြုလုပ်ပြီးနောက် လုပ်သားအင်အား အပြောင်းအလဲများ ပြုလုပ်လာနိုင်သည်ဟု စိုးရိမ်မှုများ ရှိသော်လည်း နေပြည်တော်က ညွှန်ကြားချက် ပေးပို့ခြင်း မရှိသေးကြောင်း ရန်ကုန်ရှိ စက်သုံးဆီ အရောင်းဆိုင်များက တညီတညာတည်း ပြောသည်။

“သူတို့ပြောင်းလာမှ ကျနော်တို့ကို မလိုချင်ဘူးဆိုရင် ကျနော်တို့က ဆီပိုက်ချပြီး ထွက်သွားရုံပဲ” ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် ဓာတ်ဆီဆိုင် ဝန်ထမ်းတဦးက ပြောသည်။

ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က ရောင်းချမည့် စက်သုံးဆီအရောင်းဆိုင်များမှာ ရန်ကုန်တိုင်းတွင် ၅၂ ဆိုင်၊ မန္တလေးတိုင်းတွင် ၃၉ ဆိုင်၊ ပဲခူးတိုင်းအရှေ့နှင့် အနောက်တွင် ၃၇ ဆိုင်၊ ဧရာဝတီတိုင်းတွင် ၂၇ ဆိုင်၊ ရှမ်းပြည်နယ်တွင် ၂၄ ဆိုင်၊ မွန်ပြည်နယ်တွင် ၁၆ ဆိုင်၊ မကွေးတိုင်းတွင် ၁၅ ဆိုင်၊ စစ်ကိုင်းတိုင်းတွင် ၁၄ ဆိုင်၊ တနင်္သာရီတိုင်းတွင် ၆ ဆိုင်၊ ကချင်ပြည်နယ်တွင် ရ ဆိုင်၊ ရခိုင်ပြည်နယ်တွင် ၆ ဆိုင်၊ ကရင်ပြည်နယ်တွင် ၂ ဆိုင်နှင့် ချင်းပြည်နယ်တွင် ၁ ဆိုင်တို့ ဖြစ်သည်။