မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိအောင် နှစ် ၂ဝ အတွင်း အောင်မြင်အောင် မစွမ်းဆောင်နိိုင်ခြင်းအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းပြည်သို့ တောင်းပန်စကား ပြောကြားလိုက်သည်။
”ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဇွနပဲကြိီးကြီးဖြင့် ကြိုးပမ်းခဲ့ပါသော်လည်း တဖက်သပ် ဖိနှိပ်ချေမှုန်းမှုအောက်တွင် အကျိုးမဖြစ်၊ အရာမထင် ဖြစ်ခဲ့သည့်အတွက် ပြည်သူလူထုအပေါင်းအား အနူးအညွတ် တောင်းပန်အပ်ပါသည်” ဟု ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်သော အတိုက်အခံပါတီကြီး၏ ပြည်သူသို့ ပန်ကြား ချက်တွင် ပါရှိသည်။
စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေများသည် တရားမျှတမှု မရှိသဖြင့် နိုင်ငံရေးပါတီအဖြစ် ထပ်မံ မှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်ကြပြီးနောက် ပြည်သူလူထုသို့ ရှင်းလင်း ပြောကြားသော ကြေညာချက်တွင် NLD အနေဖြင့် ပြည်သူလူထုနှင့် ဒီမိုကရေစီအရေးတော်ပုံကို စွန့်ခွာသွားမည်မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို ခံယူ၍ အကြမ်းမဖက် ငြိမ်းချမ်းသောနည်းဖြင့် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ကတိကဝတ်ပြုလိုက်သည်။
NLD သည် ၁၉၉ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စုစုပေါင်း မဲဆန္ဒနယ် ၄၈၅ နေရာအနက် ၃၉၂ နေရာတွင် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲရန် ငြင်းဆန်ခဲ့သည်။
ပါတီအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး မျှော်လင့်ချက်ဖြင့် အခြေခံဥပဒေမူကြမ်း ရေးဆွဲသော အမျိုးသားညီလာခံ တက်ရောက်ပြီး အစွမ်းကုန်ကြိုးစား သော်လည်း မအောင်မြင်ဖြစ်ခဲ့ရကြောင်းနှင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုရင်းပင် နေအိမ် အကျယ်ချုပ် ချခံထားရသည်ဟုလည်း စာမျက်နှာ ၃ မျက်နှာပါ ကြေညာချက်တွင် ပါရှိသည်။
”၂ဝဝ၃ ခုနှစ် ဒီပဲယင်းအကြမ်းဖက်မှုတွင် သူမ (ဒေါ်အောင်ဆန်းစုကြည်) ၏ အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ရပါသည်။ သို့တိုင်အောင် အပြစ်မယူ အာဃာတမထားဘဲ နိုင်ငံ့ပြဿနာအားလုံး ပြေလည်သွားစေရေးအတွက်သာ အာရုံစူးစိုက်ကာ တွေ့ဆုံဆွေးနွေးရန် ဆက်လက်တောင်းဆိုခဲ့သည်” ဟုလည်း ရေးသားထားသည်။
ထို့အပြင် မဖိတ်ခေါ်ဘဲ ရောက်လာသော အမေရိကန်နိုင်ငံသား ဂျွန်ယက်တောအမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်ပြန်သည်ကိုလည်း ”အပြစ်မယူ အာဃာတမထားဘဲ” နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ တွေ့ဆုံဆွေးနွေးခွင့်ပြုပါရန် အထူးမေတ္တာရပ်ခံခဲ့ကြောင်းကိုလည်း မီးမောင်းထိုးပြထားသည်။
စစ်အစိုးရထုတ်ပြန်သော ရွေးကောက်ပွဲဥပဒေများသည် ”ဥပဒေ၏ သဘောသဘာဝ ဥပဓိရုပ်နှင့် မညီညွတ်၊ တရားမျှတမှုလည်း မရှိပါ” ဟု ရေးသားထားပြီး ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေကို အကျပ်ကိုင် လိုက်နာစေခြင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည်ဟု ပြောဆိုထားသည်။