သြစတြေးလျနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီလိုလားသူများက ရွေးကောက်ပွဲ ဥပဒေများကို ဖျက်သိမ်းပေးရန် ကင်ဘာရာမြို့ရှိ မြန်မာသံရုံးရှေ့၌ ယနေ့ ဆန္ဒပြ တောင်းဆိုကြသည်။
Joint Action Committee For Democratic Burma- JACDB ပူးပေါင်းအဖွဲ့မှ ဦးဆောင်သည့် ဆန္ဒပြသူ ၆ဝ ဦး က သြစတြေးလျအစိုးရရုံးစိုက်ရာ ကင်ဘာရာမြို့၌ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီမှ ၃ နာရီခွဲထိ တောင်းဆိုဆန္ဒပြခြင်းဖြစ်ကြောင်း အဖွဲ့ တာဝန်ရှိသူတဦးက ပြောသည်။
“အဓိကကတော့ တဖက်သတ် မတရားထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဥပဒေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုတာပါ။ နောက်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ တရပ် ပြုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ပါဝင်ခွင့်ပြုဖို့ပေါ့နော်” ဟု JACDB အတွင်းရေးမှူး ကိုအောင်နိုင်က မဇ္စျိမကို ပြောသည်။
JACDB အဖွဲ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး-ABSDF (သြစထြေးလျ ဌာနခွဲ)၊ အမျိုးသားဒီမိုကရေစေီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) သြစထြေးလျဌာနခွဲ၊ မွန်နေရှင်နယ် ကောင်စီ၊ သြစထြေးလျရောက် ကရင်အဖွဲ့ စသည့် အဖွဲ့ ၄ ဖွဲ့ဖြင့် ပေါင်းဖွဲ့ထားခြင်းဖြစ်သည်။
စစ်အစိုး၏ ရွေးကောက်ပွဲဥပဒေများကို ဆန့်ကျင်၍ ရွေးကောက်ပွဲမဝင်ဟု ဆုံးဖြတ်ခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား ထောက်ခံကြသည့် ယင်းဆန္ဒပြသူများက လက်ကိုင်ပိုစတာများ ကိုင်ဆောင် ထားကြပြီး “မတရားသည့် ရွေးကောက်ပွဲ ဥပဒေ အလိုမရှိ” “စစ်အစိုးရဖြုတ်ချရေး ဒို့အရေး” စသည့် ကြွေးကြော်သံများ အော်ဟစ် ခဲ့ကြကြောင်း သိရသည်။
မြန်မာသံရုံးက ဆန္ဒပြသူများ၏ ကြေညာချက်ကို လက်မခံခဲ့သော်လည်း သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဌာနအပါအဝင် အခြားအစိုးရဌာနများသို့လည်း ပေးပို့သွားမည်ဟု ဆိုသည်။
ယခုနှစ် ဖေဖေါ်ဝါရီလဆန်းပိုင်းတွင် မြန်မာရေတပ်နှင့် သြစတြေးလျ တော်ဝင်ရေတပ်တို့ ပူးတွဲကာ အိန္ဒိယသမုဒ္ဒရာ ကပ္ပလီကျွန်းစုရှိ ပို့ဘလဲယား ကမ်းရိုးတန်းတွင် စစ်ရေးလေ့ကျင့်မှုများ ပူးတွဲပြု လုပ်ခဲ့ သည်။
သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး မစ္စတာ စတီဗင် စမစ် ကလည်း ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိနိုင်ကြောင်း ပြောဆိုထားသည်။
ရွေးကောက်ပွဲတွင် NLD အပါအဝင် ပါဝင်သင့်သည့် နိုင်ငံရေးအင်အားစုများအားလုံး ပါနိုင်စေရန် စစ်အစိုးရက လမ်းဖွင့်ပေးရမည်ဖြစ်ပြီး သြစတြေးလျအစိုးရအနေဖြင့် အမေရိကန်အပါအဝင် မြန်မာ့ အရေး မိတ်ဆွေနိုင်ငံများအဖွဲ့နှင့် ပူးပေါင်းကာ ဆက်လက် တွန်းအားပေးသွားမည်ဟုလည်း ဆိုသည်။
ယခင်တပတ်ကကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြံု်ရေးကောင်စီအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ လီဘောင်ဒေါင်းက မြန်မာ့အရေးကို ဆွေးနွေးစရာမလိုကြောင်း ပြောကြား ခဲ့သဖြင့် ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံရေးအင်အားစု ၁၇ ဖွဲ့ဖြင့် ကလည်း တိုကျိုအခြေစိုက် တရုတ်သံရုံးရှေ့ တွင် တနေ့ ၂ နာရီခန့် ပူးပေါင်းဆန္ဒပြနေသည်မှာ ၃ ရက်ရှိပြီဖြစ်သည်။
“တရုတ်အစိုးရအနေနဲ့ မြန်မာစစ်အာဏာရှင်တွေဘက်က ထောက်ခံပေးနေမှုတွေရပ်ဖို့ ‘Stop China Support to Burma Regime’ ‘China Should be a good Neighbor’ ‘Free Aung San Suu Kyi’ စတဲ့ ဆိုင်းဘုတ်တွေကိုထောင်ပြီး အော်ဟစ်တောင်းဆိုခဲ့ကြပါတယ်” ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ Fedration of workers' union of Burmese citizens (in Japan)-FWUB ဒုဥက္ကဋ္ဌ ကိုဘုန်းလှိုုင်က မဇ္စျိမကို ပြောသည်။
ဂျပန်နိုင်ငံရှိ ယင်းဆန္ဒပြပွဲကို Joint Action Committee of Burmese (JAC) ပူးပေါင်းအဖွဲ့မှ ဦးဆောင် ကာ ယခုတပတ် သောကြာနေ့ထိ ဆက်တိုက််ပြုလုပ်သွားမည်ဟု သူက ဆက်ပြောသည်။
စစ်အစိုးရ၏ တရားမျှတမှု မရှိသော ဥပဒေများကို အခြေခံ၍ ပြုလုပ်မည့် လာမည့်ရွေးကောက်ပွဲကို ဂျပန်အစိုးရက ကန့်ကွက်ပေးရန်၊ စစ်အစိုးရအား ထောက်ပ့ံ ကူညီမှုများ မလုပ်ရန် ဥပဒေဖြင့် အတည်ပြု ပေးရေးနှင့် သံတမန်အဆင့် လျှော့ချသည်အထိ အရေးယူသွားရန် အဝေးရောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်-ဂျပန်နိုင်ငံက တိုကျိုမြို့တွင် ယနေ့ပြုလုပ်မည့် ဂျပန်လွှတ်တော် အမတ်များသမဂ္ဂ အစည်းအဝေး တွင် တိုက်တွန်းမည်ဟုလည်း သိရသည်။
အန်အယ်ဒီပါတီကမူ “နိုင်ငံရေးပါတီအဖြစ် ထပ်မံမှတ်ပုံတင်မည်မဟုတ်ကြောင်း”၊ “ဒေါ်အောင်ဆန်း စုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွှတ်ပေးရန်” တို့ကို ယခုလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သည့် ပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် တိုင်း/ပြည်နယ် ဗဟိုဦးစီး အဖွဲ့ဝင်များ အစည်းအဝေးက ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့သည်။