ပါတီစာပေရေးရာများ စစ်အစိုးရကို မဝေဖန်ရ

ပါတီစာပေရေးရာများ စစ်အစိုးရကို မဝေဖန်ရ
ရွေးကောက်ပွဲ ဝင်ရောက်ရေးအတွက် များစွာ ခက်ခဲစေသော ပြင်းထန်သည့် ရွေးကောက်ပွဲ ဥပဒေများကို စစ်အစိုးရက ထုတ်ဝေခဲ့ပြီးနောက် နိုင်ငံရေးပါတီများအနေဖြင့် လက်ကမ်းစာစောင်များ၊ စာအုပ်များ သို့မဟုတ် ရွေးကောက်ပွဲဆိုင်ရာ စာပေရေးရာကိစ္စများနှင့် ပတ်သက်၍ စည်းမျဉ်းဥပဒေ...

ရွေးကောက်ပွဲ ဝင်ရောက်ရေးအတွက် များစွာ ခက်ခဲစေသော ပြင်းထန်သည့် ရွေးကောက်ပွဲ ဥပဒေများကို စစ်အစိုးရက ထုတ်ဝေခဲ့ပြီးနောက် နိုင်ငံရေးပါတီများအနေဖြင့် လက်ကမ်းစာစောင်များ၊ စာအုပ်များ သို့မဟုတ် ရွေးကောက်ပွဲဆိုင်ရာ စာပေရေးရာကိစ္စများနှင့် ပတ်သက်၍ စည်းမျဉ်းဥပဒေ ထုတ်ပြန်ခဲ့သည်။

ပါတီများ စာပေရေးရာနှင့် ပတ်သက်၍ ယခုလ ၁၇ ရက်နေ့ထုတ် ကြေညာချက်တွင် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ခြင်း ဥပဒေအောက်တွင် ပါတီများအနေဖြင့် ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ပုံနှိပ်ရန်အတွက် မှတ်ပုံတင်ရမည်ဟု ဆိုထားသည်။

ပုံနှိပ်ခွင့် ရရှိရန်အတွက် ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ပြီးနောက် ရက်ပေါင်း ၉ဝ အတွင်း မြန်မာပြည်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့်  စာပေစိစစ်ရေးဌာန ထံမှ ခွင့်ပြုချက်ရရှိရန် လိုအပ်သည်။
ပါတီစာပေများသည် စစ်တပ်နှင့် လက်ရှိ စစ်အစိုးရအား ဝေဖန်ခြင်း မပြုလုပ်နိုင် ကြေညာချက်က ဆိုသည်။

ပုံနှိပ်ထုတ်ဝေရာ၌ တိုင်းပြည်၏ ဥပဒေ၊ အမိန့်နှင့် တည်ငြိမ်ရေးအား မနှောင့်ယှက်ရဟုလည်း ဆိုထားသည်။

ထို့အပြင် နိုင်ငံရေးပါတီတရပ်သည် ပုံနှိပ်ခွင့် ခွင့်ပြုချက်အတွက် လိုင်စင်ကြေး ကျပ် ၁ သိန်းအပြင်၊ စပေါ်ငွေ ကျပ် ၅ သိန်း  ပေးဆောင်ရမှာဖြစ်သည်။ အကယ်၍ ပါတီက ဆင်ဆာဘုတ်၏ခွင့်ပြုချက်မရဘဲထုတ်ဝေခြင်း သို့မဟုတ် စည်းကမ်းချိုးဖောက်ပါက စပေါ်ငွေအကုန်လုံး သို့မဟုတ် တစိတ်တဒေသ  ဆုံးရှုံးမှာဖြစ်သည်။

ထို့အပြင် ထုတ်ဝေခွင့်လိုင်စင်ကိုပါ အချိန်မရွေး ရုတ်သိမ်းခွင့်ကိုပါ အာဏာပိုင်များသို့ ပေးအပ်ထားသည်။

၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ခြင်း ဥပဒေက ထုတ်ဝေဖြန့်ချိမှုများ သို့မဟုတ် စာရွက်စာတမ်းများသည်  သည် အစိုးရ၏ အကျိုးစီးပွားအား ဆန့်ကျင်ခြင်းကို တားမြစ်ထားသည်။

ချိုးဖောက်သူများအနေဖြင့် ဆက်လက်၍ ပုံနှိပ်ထုတ်ဝေခြင်း မပြုရန် တားမြစ်ခံရမည်ဖြစ်သလို၊ ထောင်ဒဏ် ရ နှစ်အထိပါ ပြစ်ဒဏ်ကျခံရနိုင်သည်။

ယခုနှစ်အတွင် ရွေးကောက်ပွဲများ ကျင်းပသွားမည်ဟု စစ်အစိုးရ ကြေညာခဲ့ပြီးဖြစ်သော်လည်း ကျင်းပမည့်ရက်ကို ကြေညာခြင်း မရှိသေးပါ။

Most read this week