ဘက်စုံပါဝင်သော ရွေးကောက်ပွဲဖြစ်ရေး ဘန်ကီမွန်း တိုက်တွန်း

ဘက်စုံပါဝင်သော ရွေးကောက်ပွဲဖြစ်ရေး ဘန်ကီမွန်း တိုက်တွန်း
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက မြန်မာ့မိတ်ဆွေများ အစည်းအဝေးမှ ယခုထိ အဖြေမထွက်သဖြင့် ယမန်နေ့က စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွါလာခဲ့သော်လည်း ရွေးကောက်ပွဲကို 'အားလုံး ပါဝင်နိုင်ပြီး ထင်သာမြင်သာ' ရှိသည့် ပုံစံဖြင့် ကျင်းပပါရန် မြန်မာစစ်အစိုးရကို....

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက မြန်မာ့မိတ်ဆွေများ အစည်းအဝေးမှ ယခုထိ အဖြေမထွက်သဖြင့် ယမန်နေ့က စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွါလာခဲ့သော်လည်း ရွေးကောက်ပွဲကို 'အားလုံး ပါဝင်နိုင်ပြီး ထင်သာမြင်သာ' ရှိသည့် ပုံစံဖြင့် ကျင်းပပါရန် မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်သည်။

ဤအစည်းအဝေးကို ကုလလုံခြံုရေးကောင်စီ၏ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲ ကျင်းပအပြီး တရက်အကြာတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ စစ်အစိုးရက သူတို့ကျင်းပမည့် ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ ဥပဒေများ ကြေညာအပြီး ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

''အခုထိရှိနေတဲ့ ရွေးကောက်ပွဲဝန်းကျင် အခြေအနေများနဲ့ ထုတ်ပြန်ကြေညာလိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဖြစ်စဉ်တရပ် ဖြစ်ပေါ်စေမှာ မဟုတ်ဘူးဆိုတဲ့ ကျနော့်ရဲ့ စိုးရိမ်ပူပန်မှုကို ကျနော် ထုတ်ဖော်ပြောကြားထားပြီး ဖြစ်ပါတယ်'' ဟုလည်း ကုလအတွင်းအရေးမှူးချုပ်က ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲဥပဒေများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အခန်းကဏ္ဍကို ကန့်သတ်ရန်၊ အထူးသဖြင့် ပါတီအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ဖြစ်စဉ်တွင် ပါဝင်ခြင်း မပြုနိုင်ရန် တမင်ရည်ရွယ်ကန့်သတ်မှုများ ပြုလုပ်ထားသည်ဟု ကျယ်ပြန့်စွာ ယူဆကြသည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသားပေါင်း ၂ဝဝဝ ကျော်ကို ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပြုပြီး ရွေးကောက်ခံခွင့် ပြုမှသာ ကျင်းပမည့် ရွေးကောက်ပွဲကို အများယုံကြည်လက်ခံလိမ့်မည်ဟူသော မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဂျေကင်တားနား (Tomas Ojea Quintana) ၏ အပြောကို ကုလအတွင်းရေးမှူးချုပ်ကလည်း ထပ်တူပဲ့တင်ထပ်ပြောကြားလိုက်သည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများအရေးကို ပြီးခဲ့သော ဇူလိုင်လကပင် ကုလအတွင်းရေးမှူးချုပ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တိုက်တွန်းပြောကြားခဲ့သော်လည်း ''ကတိကဝတ်များကို အကောင်အထည်ဖော်မှုမှာ အလွန်နှေးကွေးပြီး တဖြည်းဖြည်းချင်းသာ ဆောင်ရွက်နေပုံရသည်'' ဟု မစ္စတာဘန်က အကဲဖြတ်သည်။

မြန်မာ့မိတ်ဆွေများအဖွဲ့တွင် သြစတြေလျ၊ ဗြိတိန်၊ တရုတ်၊ ဥရောပသမဂ္ဂ၊ ပြင်သစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နော်ဝေ၊ ရုရှ၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ ထိုင်း၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည်။

မိတ်ဆွေနိုင်ငံများအဖွဲ့၏ သောင်းပြောင်းရောပြွန်းသော သဘာဝကြောင့် မြန်မာစစ်ခေါင်းဆောင်များအပေါ် မည်သို့ဆက်ဆံမည်၊ ဒီမိုကရေစီအစိုးရတရပ် ပေါ်ထွန်းရေးအတွက် မည်သို့လုပ်ဆောင်မည်ဟူသော ယူဆချက်များလည်း အမျိုးမျိုး ကွဲပြားနေကြသည်။

သို့သော် မြန်မာနိုင်ငံသားများ၏ လူနေမှုအဆင့်အတန်း မြှင့်တင်ရေးကိစ္စသည် အရေးတကြီး ဆောင်ရွက်ရန် လိုအပ်သည့် ကိစ္စဖြစ်ကြောင်းကိုမူ ဤအဖွဲ့ဝင်အားလုံးက သဘောတူညီကြသည်ဟု မစ္စတာဘန်က ထပ်မံရှင်းလင်းပြောဆိုသည်။ ''မြန်မာနို်င်ငံ၏ နိုင်ငံရေး၊ လူသားအခွင့်အရေးဆိုင်ရာ၊ ဖွ့ံဖြိုးရေးဆိုင်ရာ စိန်ခေါ်ချက်များသည် အတူတပြိုင်ထဲ ဖြေရှင်းရမည့် အရာများဖြစ်ပြီး ညီတူမျှတူ အာရုံစိုက် ဆောင်ရွက်သင့်သည်ဟူသော ကျွနု်ပ်တို့၏ အမြင်ကို ထပ်ဟပ်ဖော်ပြနေသည်'' ဟု သူက ပြောသည်။

နိုင်ငံအသီးသီး ကိုယ်စားပြုကိုယ်စားလှယ်များ၏ အမြင်ကွဲပြားမှုသည် ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့သော ကုလလုံခြံုရေးကောင်စီတွင် မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးရာ၌  အမြဲတမ်းအဖွဲ့ဝင် ၂ နိုင်ငံဖြစ်သော တရုတ်နှင့် ဗြိတိန်နိုင်ငံတို့အကြား သဘောထားကွဲပြားခဲ့မှုလောက် မဆိုးပါ။

ဤသို့ ရွေးကောက်ပွဲဥပဒေများ ထုတ်ပြန်ကြေညာအပြီးတွင် ၈ လအတွင်း ပထမဆုံးအကြိမ်အဖြစ် ကုလလုံခြံုရေးကောင်စီတွင် မြန်မာ့အရေးကို ဗြိတိန်နိုင်ငံက ထည့်သွင်းဆွေးနွေးလိုသည်။ ယင်းအချက်ကြောင့် ညှိနှိုင်းဆွေးနွေးမှုများ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

စစ်အစိုးရက လုံခြံုရေးကောင်စီ၏ ထောက်ခံတင်ပြချက်များကို ဆက်လက်အာခံနေခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို မည်သည့်ရွေးကောက်ပွဲတွင်မျှ ပါဝင်ခြင်း မပြုနိုင်အောင် လုပ်ဆောင်နေပုံရခြင်း စသည်တို့ကြောင့် ဗြိတိန်သည် အခြားနိုင်ငံအများအပြားနှင့်အတူ စိုးရိမ်ပူပန်မှုများ ဆက်လက်ဖြစ်ပေါ်နေသည်ဟု ကုလဆိုင်ရာ ဗြိတိန်ကိုယ်စားလှယ် Mark Lyall Grant က ပြောကြားခဲ့သည်။

သို့သော် ကုလဆိုင်ရာ တရုတ်သံအမတ် လီပေါက်တုံ (Li Baodong) ကမူ ရွေးကောက်ပွဲများကို ပြည်တွင်းရေးကိစ္စသာ ဖြစ်သည်ဟု ပီကင်းအစိုးရက သဘောထားကြောင်း ပြောဆိုခဲ့သည်။ ရွေးကောက်ပွဲများ ကျင်းပခြင်းသည် ဒီမိုကရေစီဖြစ်စဉ်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးပါသော ခြေလှမ်းတရပ်အဖြစ် ရှုမြင်ကြောင်းလည်း သူက ပြောသည်။

''လာမည့် အထွေထွေရွေးကောက်ပွဲကို အပြုသဘောဆောင်ပြီး ကောင်းမွန်သည့် ဝန်းကျင်တရပ် ပေါ်ပေါက်လာစေရေး အထောက်အကူပြုနိုင်မည့် ကိစ္စများကို မြန်မာအစိုးရအား နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် လုံခြံုရေးကောင်စီတို့က ကူညီဆောင်ရွက်ပေးရေးမှာ အထူးအရေးကြီးသည်'' ဟု လီ က ဆက်လက်ပြောဆိုခဲ့သည်။

''ဤရွေးကောက်ပွဲဥပဒေများသည် ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲများ လွတ်လပ်မျှတစေရေးအတွက် အထောက်အကူ ဖြစ်စေလိမ့်မည် မဟုတ်ဟု ကျနော်တို့ ယုံကြည်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် နည်းလမ်းပေါင်းစုံဖြင့် တမင်ရည်ရွယ်၍ ပြုလုပ်ထားခြင်းလည်း ဖြစ်သည်။ ထို့ပြင် သူတို့အနေဖြင့် ရွေးကောက်ပွဲအတွက် မှတ်ပုံတင်မရအောင်၊ အလွန်ခက်ခဲအောင် ပြုလုပ်ထားခြင်းလည်း ဖြစ်သည်'' ဟု တရုတ်ကိုယ်စားလှယ်၏ ထင်မြင်ယူဆချက်ကို တုံ့ပြန်သည့်အနေနှင့် Lyall Grant က ရှင်းလင်းပြောဆိုသွားသည်။

လုံခြံုရေးကောင်စီတွင်း အမြင်ကွဲပြားမှုများ ရှိနေကြောင်း ဂရန့်က သတင်းထောက်များကို ဝန်ခံပြောကြားသွားပြီး မြန်မာဗိုလ်ချုပ်ကြီးများကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) တွင် ရုံးတင်တရားစွဲတင်နိုင်ရေးအတွက် ထောက်ခံကူညီဆောင်ရွက်ပေးရန် လန်ဒန်အစိုးရအနေဖြင့် အသင့်ရှိကြောင်းနှင့် သို့သော်လည်း ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် လုံခြံုရေးကောင်စီအတွင်း တညီတညွတ်တည်းသော သဘောထားတရပ် မရရှိသေးကြောင်း သူက ပြောသည်။