တပ်မတော်နေ့ အခမ်းအနား ပြည်ပသတင်းထောက်များခွင့်ပြု

တပ်မတော်နေ့ အခမ်းအနား ပြည်ပသတင်းထောက်များခွင့်ပြု
by -
ဖနိဒါ
စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်တွင် ကျင်းပမည့် ယခုနှစ် တပ်မတော်နေ့ အခမ်းအနားသို့ ပြည်တွင်း သာမက ပြည်ပသတင်းထောက်များပါ တက်ရောက်ခွင့်ရမည်ဟု ပြည်တွင်းဂျာနယ်အသိုင်းအဝိုင်းမှ...

စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်တွင် ကျင်းပမည့် ယခုနှစ် တပ်မတော်နေ့ အခမ်းအနားသို့ ပြည်တွင်း သာမက ပြည်ပသတင်းထောက်များပါ တက်ရောက်ခွင့်ရမည်ဟု ပြည်တွင်းဂျာနယ်အသိုင်းအဝိုင်းမှ သိရသည်။

ယခုလ ၂၃ ရက်နေ့၌ စာပေစိစစ်ရေးဌာန ညွန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေက ပြည်တွင်းဂျာနယ်များမှ တာဝန်ရှိသူများကို စာပေစိစစ်ရေးရုံးသို့ ခေါ်ယူ၍ ပြောကြားခဲ့သည်ဟု အယ်ဒီတာတဦးက ပြောသည်။

“အစည်းအဝေးက တနေ့က နေ့လည်တနာရီမှာခေါ်တာ။ ကြိုတင်ပြီးတော့ မှတ်ပုံတင်၊ ကိုယ်ရေး ရာဇဝင်တွေ ကြိုတင်ယူထားတယ်။ တတိုက်တယောက်တက်ဖို့ ပြောပါတယ်။ ဒီနှစ်ထူးခြားတာက ဒီမှာရှိတဲ့ နိုင်ငံခြားသတင်းထောက်တွေရယ်၊ ဘန်ကောက်မှာရှိတဲ့ နိုင်ငံခြားသတင်းဌာန အေပီ၊ ရိုက်တာတို့ပေါ့” ဟု ပြည်တွင်း ဂျာနယ် အယ်ဒီတာက မဇ္ဈိမကို ပြောသည်။

ယခုလ ၂၇ ရက်နေ့ ကျရောက်မည့် ၆၅ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် တိုက်ပုံအဖြူနှင့် အဝါနုရောင်ကိုသာ ဝတ်ခွင့်ပြုထား ပြီး ညစာစားပွဲတွင် တိုက်ပုံအနက်ရောင်နှင့် ခေါင်းပေါင်းပေါင်းရန် မှာကြားခဲ့သည်ဟုလည်း ဆိုသည်။

ခရီးစားရိတ်၊ စားသောက်စားရိတ်နှင့် တည်းခိုခများအတွက် ယခင်နှစ်က စာပေစိစစ်ရေးကို ကျပ် ရ သောင်းပေးရသော်လည်း ယခုနှစ်တွင်မူ ၈ သောင်းပေးရမှာဖြစ်သည်။  ယခင်နှစ် က စစ်အစိုးရနှင့် နီးစပ်သည့် ဂျာနယ်တိုက်များကိုသာ တက်ရောက်ခွင့်ပြုခြင်းလည်းဖြစ်သည်။

“၈ သောင်းက ၂၆ ရက်နေ့ည လမ်းမှာ စားတာသောက်တာတွေပါမယ်။ တည်းခိုခလည်းပါတယ်။ မနှစ်က ရ သောင်း။ နိုင်ငံခြား သတင်းထောက်တွေ နေပြည်တော်စရောက်ခါစက တခါတက်ခွင့်ရ တယ်။ ၂ဝဝ၅ ခုနှစ်ကပေါ့။ အဲဒီနောက်မပေးတော့ဘူး။ ဒီနှစ်ပြန်ခေါ်တာ” ဟု သူကပြောသည်။

တပ်မတော်နေ့ သတင်းသွားယူမည့် သတင်းသမား ၆ဝ ဦးခန့်သည် မနက်ဖြန်တွင် Express ကားဖြင့် အတူသွားကြရန် စီစဉ်ထားပြီး Yangon Media Group မှ ယခုနှစ်အတွက် စားစရိတ်ကို တာဝန်ယူ စီစဉ်ပေးသည်ဟု သိရသည်။ ရန်ကုန်အခြေစိုက် သတင်းဂျာနယ်များသည် အနည်းဆုံး ၃ဝ ခန့် ရှိသည်။

တပ်မတော်နေ့ အခမ်းအနားသို့ စာပေစိစစ်ရေးတွင် မှတ်ပုံတင်ထားသည့် ဓါတ်ပုံကင်မရာ၊ ဗီဒီယို ကင်မရာများကိုသာ ယူဆောင်သွားခွင့် ရှိမည်ဟုလည်း ဆိုသည်။

အလားတူ အခမ်းအနားတွင်လည်း သတ်မှတ်ထားသည့် နေရာတွင်သာ သတင်းထောက်များအား ရိုက်ခွင့်ရှိကြောင်းနှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျွေးမည့် တပ်မတော်နေ့ အထိန်းအမှတ် ညစာစားပွဲသို့ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းများအဖွဲ့ဝင်များသာ တက်ရောက်ခွင့် ရမည်ဟု သိရသည်။

ဒေါက်တာတင်ထွန်းဦး၊ ဦးကိုကို၊ ဦးဟိန်းလတ်တို့ တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။ တပ်မတော်နေ့ အခမ်းအနား၌ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယခုနှစ် ရွေးကောက်ပွဲအကြောင်းသာ ပြောမည်ဟု အယ်ဒီတာ တဦးက ခန့်မှန်းပြောဆိုသည်။

ပြည်တွင်းဂျာနယ်သတင်းထောက်များအား ခေါ်ယူခြင်းသည် သတင်းလွတ်လပ်စွာ ရယူနိုင်ခြင်း မဟုတ်ဘဲ၊  ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေထွက်လာပြီးနောက် ပြည်တွင်းပြည်ပ ဝေဖန်မှုများကို တုံပြန် ရန်သာဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့သတင်းသမဂ္ဂ ဒုဥက္ကဌ ဦးဇင်လင်းက သုံးသပ်သည်။

“ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်ပြီးတော့ ပြည်တွင်းပြည်ပ ဆူညံနေတယ်။ ဒါကို တပ်မတော်နေ့ မိန့်ခွန်းမှာ တု့့ံပြန်တဲ့သဘောထားတွေကို ပြည်တွင်း မီဒီယာကို အသုံးချပြီးတော့ ဝါဒဖြန့်ဖို့ပဲ ခေါ်ယူ အသုံးချတယ်လို့ပဲ မြင်တယ်” ဟု သူက မဇ္ဈိမကို ပြောသည်။